နှစ် ၃၀ ပြည့် လူထုဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား ကျင်းပနေစဉ် ဖမ်းဆီးခံခဲ့ရသည့် မြေယာအရေးတက်ကြွလှုပ်ရှားသူ၏ လေးကြိမ်မြောက် ရုံးချိန်းတွင် တရားလိုတစ်ဦးကို ဆက်လက်စစ်ဆေး

နှစ် ၃၀ ပြည့် လူထုဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား ကျင်းပနေစဉ် ဖမ်းဆီးခံခဲ့ရသည့် မြေယာအရေးတက်ကြွလှုပ်ရှားသူ၏ လေးကြိမ်မြောက် ရုံးချိန်းတွင် တရားလိုတစ်ဦးကို ဆက်လက်စစ်ဆေး
Published 14 September 2018

မြေယာအရေးတက်ကြွလှုပ်ရှားသူ ကိုအေးသိန်း (ဝဲမှယာ သုံးဦးမြောက်) အား ပြင်ဦးလွင်မြို့နယ်တရားရုံး ရုံးချိန်းတွင် တွေ့ရစဉ်

နှစ် ၃၀ ပြည့် ပုလဲရတုအထိမ်းအမှတ် ရှစ်လေးလုံးလူထုဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို မန္တလေးမြို့တွင် သြဂုတ် ၈ ရက်က ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုအေးသိန်း၏ လေးကြိမ်မြောက် ရုံးချိန်းကို စက်တင်ဘာ ၁၃ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ချိန်းဆိုခဲ့ပြီး တရားလိုတစ်ဦးကို ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

မြေယာအရေးတက်ကြွလှုပ်ရှားသူ ကိုအေးသိန်းကို ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် ၂၀၁၆ ခုနှစ်အတွင်းက ထွန်းတုံးတိုက်ပွဲ ပြုလုပ်ခဲ့မှုကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၇၊ ၄၄၇၊ ၄၄၀၊ ၄၂၀၊ ၃၉၂ အစရှိသည့် ပုဒ်မမျိုးစုံဖြင့် တရားလို အသီးသီးက အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ စက်တင်ဘာ ၁၃ ရက်က ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့သည့်အမှုတွင် မြေယာအရေး လှုပ်ရှားသူ ကိုအေးသိန်းနှင့်အတူ ဖမ်းဆီးခံထားရသည့် ဒေသခံတောင်သူနှစ်ဦးတို့ကိုပါ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ကိုအေးသိန်းအမှုတွေထဲက CB ဘဏ်က တရားလိုဖြစ်တဲ့ ဦးကိုကိုလွင်ကို စစ်ဆေးပါတယ်။ တခြားတရားလိုတွေက ဒီနေ့မလာတဲ့အတွက် တရားလိုတစ်ဦးကိုပဲ စစ်ဆေးနိုင်ခဲ့တာပါ။ စွဲဆိုထားတဲ့ပုဒ်မကတော့ ၄၄၇၊ ၄၂၇၊ ၃၉၂ စတဲ့ ပုဒ်မတွေပါ။ နောက်ရုံးချိန်းကို စက်တင်ဘာ ၂၀ ရက် ပြန်ချိန်းဆိုထားပါတယ်” ဟု မြေယာအရေးလှုပ်ရှားသူ ကိုအေးသိန်းဘက်နှင့် တောင်သူများဘက်မှ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက ပြောကြားသည်။

“ပြင်ဦးလွင်မြို့နယ်တရားရုံးမှာ ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲဆိုထားတာမှာ ကျွန်တော်ကိုယ်တိုင်ကျူးလွန်ခြင်း မရှိတဲ့ ဓားပြမှု၊ လုယက်မှုလို ပုဒ်မတွေတပ်ပြီး တရားစွဲဆိုထားတာတွေက လွဲနေတယ်ဗျ။ ကျွန်တော်တို့က အဲဒီလို လုပ်ခဲ့တာ ဘာတစ်ခုမှမရှိပါဘူး။ အခုလို အာမခံမရနိုင်တဲ့ ပုဒ်မတွေတပ်ပြီး တရားစွဲဆိုတယ်ဆိုတာကလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ တရားစွဲအဖွဲ့အစည်းတွေက မြေသိမ်းသူခရိုနီအလိုကျ တရားရုံးကို တရားစွဲ တင်ပို့လိုက်တယ်လို့ မြင်ပါတယ်” ဟု ပုဒ်မမျိုးစုံတို့ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် မြေယာအရေးတက်ကြွလှုပ်ရှားသူ ကိုအေးသိန်းက ပြောကြားသည်။

ဖမ်းဆီးခံခဲ့ရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုအေးသိန်းမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် သိမ်းဆည်းမြေယာများ ပြန်လည်ရရှိရေး ဒေသခံတောင်သူများနှင့်အတူ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၇၊ ၄၄၇၊ ၄၄၀၊ ၄၂၀၊ ၂၉၄၊ ၃၉၂ အစရှိသည့် ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်ခံထားရသူတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့မှ အမှုဖွင့်စဉ်ကပင် ဖမ်းဝရမ်းထုတ်ထားခြင်းခံထားရသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖမ်းဆီးခံထားရသည့် ကိုအေးသိန်းမှာ အဆိုပါပုဒ်မများအားလုံးဖြင့် ဆက်လက်ထုချေ ရှင်းလင်းကာ အမှုရင်ဆိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။ ဌေးလှအောင်

Most Read

Most Recent