ကျိုးကျပျက်စီးခဲ့သည့် မြောင်းမြကြိုးတံတားအဟောင်းမှ ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများဖြင့် ကျေးလက်တံတားအစင်း ၂၀ ပြုပြင် တည်ဆောက်မည်

ကျိုးကျပျက်စီးခဲ့သည့် မြောင်းမြကြိုးတံတားအဟောင်းမှ ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများဖြင့် ကျေးလက်တံတားအစင်း ၂၀ ပြုပြင် တည်ဆောက်မည်
Published 14 September 2018

ကျိုးကျပျက်စီးခဲ့သည့် မြောင်းမြကြိုး တံတားအဟောင်းမှ ပြန်လည်အသုံးပြုနိုင်သေးသည့် ပစ္စည်းများဖြင့် မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်အတွင်းရှိ ကျေးလက်တံတားအစင်း ၂၀ အား ပြုပြင် တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် မြောင်းမြမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးသန့်ဇော်ဝင်းက မြောင်းမြကြိုးတံတားအဟောင်းမှ ပစ္စည်းများအား ဒေသတွင်း တံတားဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုခွင့် ရှိ မရှိ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုကို အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြန်လည်ဖြေကြားရာတွင် ဧပြီလ ၁ ရက်တွင် မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် တံတားအပျက်အစီးများကို ပြန်လည် ဖြုတ်သိမ်းဆယ်ယူရာတွင် Bailey Panel၊ Bailey Pin၊ Chord Reinforcement၊ Original Transom၊ Local Transom၊ Bracing Frame၊ Sway Bracing၊ Steel Box Tower၊ Cross Beam တို့အား ဆယ်ယူရရှိခဲ့ကြောင်း၊ ဆယ်ယူရရှိခဲ့သည့် ပစ္စည်းများအနက်မှ ပြန်လည်အသုံးပြုနိုင်သေးသည့် ပစ္စည်းများဖြင့် မြောင်းမြမြို့နယ်အတွင်း ကျေးလက်တံတားကိုးစင်း၊ အိမ်မဲမြို့နယ်တွင် ကျေးလက်တံတားသုံးစင်း၊ ဝါးခယ်မမြို့နယ်တွင် ကျေးလက်တံတားရှစ်စင်းအား ပြုပြင်တည်ဆောက်သွားနိုင်ရေးအတွက် တံတားဦးစီးဌာနသို့ ခွင့်ပြုချက် တောင်းခံထားကြောင်း ခွင့်ပြုချက်ရရှိပါက ယင်းပစ္စည်းများကို တာဝန်ယူ လုပ်ဆောင်မည့် ဌာနအသီးသီးသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မြောင်းမြတံတား ပျက်စီးပြီးနောက်ပိုင်းမှာ အဓိက ထိခိုက်နစ်နာရတာဟာ မြောင်းမြမြို့ ဖြစ်ပါတယ်၊ ပြည်သူများ ခရီးသွားလာရေး လွယ်ကူရေးအတွက် မြောင်းမြမြို့ခံပြည်သူများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်နေရတာပါ။ တံတားက ဆယ်ယူပစ္စည်းများကို ပြန်လည်အသုံးချခွင့်ပြုဖို့ကို မြောင်းမြမြို့နယ်အတွင်းမှာရှိတဲ့ ကျေးလက်တံတားတွေမှာပဲ အများဆုံး အသုံးပြုစေချင်ပါတယ်။ ကျွန်တော်တင်ပြထားတာမှာ မြို့တွင်းပိုင်းက စည်ပင်တံတားတွေမဟုတ်ဘဲ ကျေးလက်တံတားတွေပဲ ဖြစ်ပါတယ်” ဟု မြောင်းမြမြို့နယ် မဲဆန္ဒနယ် (၁) မှ ဦးသန့်ဇော်ဝင်းက ပြောကြားသည်။

Most Read

Most Recent