<

လွိုင်လင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းကျော် ဖမ်းဆီးရမိ

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ဟိုတင့်ကျေးရွာအနီး ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များ ရှာဖွေစစ်ဆေးရာ ကျပ်သိန်း ငါးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် ည ၈ နာရီတွင် မူးယစ်တပ်ဖွဲ့စု (၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် ကျော်ကိုကိုမျိုး မောင်းနှင်လာသည့် Honda Fit မော်တော်ယာဉ် ရောက်ရှိလာ၍ ရှာဖွေရာ မော်တော်ယာဉ်၏ နောက်ခန်းရှိ အပိုစပယ်ယာဘီး၊ မော်တော်ယာဉ်၏ နောက်ကာဘာနှင့် မော်တော်ယာဉ်၏ ရှေ့ယာဘီး အထက်ရှိ အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၀,၀၀၀ ပြား၊ အိုက်စ် သုံးကီလို၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ငွေ ၁၀၀,၅၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ကိုကိုမျိုး (၃၁)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

အဆိုပါ စိတ်ကြွဆေးပြားများကို ဒေသအလိုက် ပေါက်ဈေးဖြင့် တွက်ချက်ကြခြင်း ဖြစ်ကြောင်း၊ ဒေသတစ်ခုနှင့် တစ်ခု တူညီခြင်း မရှိကြောင်း မူးယစ်တပ်ဖွဲ့စု(တောင်ကြီး) မှ ပြောကြားချက် သိရသည်။

September 13, 2018














Copy Protected by Chetan's WP-Copyprotect.