ချောင်းဦးမြို့နယ်တွင် ကလေးသူခိုးဟု ယူဆပြီး သတ်ဖြတ်ခြင်းခံရသူမှာ စိတ်မကျန်းမာသူတစ်ဦးဖြစ်နေပြီး ဝိုင်းဝန်းရိုက်နှက် မီးရှို့သတ်ခဲ့သူများအား ဖမ်းဆီးစစ်ဆေးနေ

ချောင်းဦးမြို့နယ်တွင် ကလေးသူခိုးဟု ယူဆပြီး သတ်ဖြတ်ခြင်းခံရသူမှာ စိတ်မကျန်းမာသူတစ်ဦးဖြစ်နေပြီး ဝိုင်းဝန်းရိုက်နှက် မီးရှို့သတ်ခဲ့သူများအား ဖမ်းဆီးစစ်ဆေးနေ
Published 13 September 2018

ကျန်ရစ်သူ မိသားစုဝင်များ လာရောက်ပြသသည့် မီးရှို့အသတ်ခံရသူ၏ ကျန်းမာရေး မှတ်တမ်းစာအုပ်

ချောင်းဦးမြို့နယ်တွင် ကလေးသူခိုးဟု ယူဆပြီး သတ်ဖြတ်ခြင်းခံရသူမှာ စိတ်မကျန်းမာသူ တစ်ဦးဖြစ်နေပြီး ဝိုင်းဝန်းရိုက်နှက် မီးရှို့သတ်ခဲ့သူ ငါးဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း စက်တင်ဘာ ၁၂ ရက်က ချောင်းဦးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မင်းတည်ရွာတွင် စက်တင်ဘာ ၁၀ ရက် ညပိုင်းက မျက်နှာစိမ်းအမျိုးသားတစ်ဦးအား ကလေးသူခိုးဟုယူဆပြီး ဝိုင်းဝန်းရိုက်နှက်ကာ မင်းတည်ကျေးရွာအပြင် သင်္ချိုင်း၌ အလောင်းအား မီးရှို့မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်၌ သေဆုံးခဲ့သူမှာ စိတ်ကျန်းမာရေးချို့တဲ့သူဖြစ်ပြီး ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဟုဆိုသည့် အမျိုးသားငါးဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း ချောင်းဦးမြို့မ ရဲစခန်းမှ သိရသည်။

“သေဆုံးခဲ့တဲ့သူက မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာကပါ။ မကြာခဏ စိတ်ဖောက်ပြန်ပြီး အိမ်ကနေထွက်ပြီး လျှောက်သွားနေတတ်တယ်။ မုံရွာ၊ မန္တလေး စိတ်ကျန်းမာရေးဆေးရုံမှတ်တမ်းတွေ ယူလာပြီး သူ့မိသားစုဝင်တွေ စခန်းလာပြပါတယ်။ အလောင်းကိုလည်း ပြန်ယူသွားပါပြီ။ ဝိုင်းရိုက်နှက် မီးရှို့ခဲ့တယ်လို့ ယူဆရတဲ့ မင်းတည်ရွာက အမျိုးသား ငါးဦးကို အခုဖမ်းဆီး စစ်ဆေးနေပါတယ်” ဟု ချောင်းဦးမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိ ရဲအုပ်ရဲမြင့်က ပြောကြားသည်။

ကလေးသူခိုးဟုယူဆကာ သတ်ဖြတ်ခြင်းခံရသူမှာ မြင်းမူမြို့နယ်၊ ခြေရာတော် ကျေးရွာမှ စိတ်ကျန်းမာရေးချို့ယွင်းနေသူ ဦးကြည်နိုင် (၄၂ နှစ်) ဖြစ်ကြောင်း၊ ၎င်း၏ဇနီးနှင့် ဆွေမျိုးများက စက်တင်ဘာ ၁၂ ရက်တွင် ချောင်းဦးမြို့မ ရဲစခန်းသို့ လာရောက် အတည်ပြုခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချောင်းဦးမြို့မ ရဲစခန်းတွင် (ပ)၂၁၅/ ၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊ ၂၀၁၊ ၁၁၄ ဖြင့် အမှုဖွင့်ကာ မသင်္ကာသူများအား ဖမ်းဆီးခေါ်ယူ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent