မန္တလေးမြို့တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျော်စောမှုဖြင့် တိမ်းရှောင်နေသူ၏ဇနီးအား သုံးနှစ်ခံဝန်ချုပ်ဆို နေထိုင်ရန် အောင်မြေသာစံမြို့နယ်တရားရုံးက အမိန့်ချ

မန္တလေးမြို့တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျော်စောမှုဖြင့် တိမ်းရှောင်နေသူ၏ဇနီးအား သုံးနှစ်ခံဝန်ချုပ်ဆို နေထိုင်ရန် အောင်မြေသာစံမြို့နယ်တရားရုံးက အမိန့်ချ
Published 13 September 2018

မန္တလေးမြို့တွင် မူးယစ်ဆေးဝါး ကျော်စောမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော ဘိုစနေ၏ဇနီးအား သုံးနှစ်ခံဝန်ဖြင့် ချုပ်ဆိုနေထိုင်စေရန် အောင်မြေသာစံမြို့နယ် တရားရုံးမှ စက်တင်ဘာ ၁၀ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းရှိ ကမ်းနားလမ်းတစ်လျှောက် မူးယစ်ဆေးဝါး ရောင်းချမှုနှင့် ပတ်သက်ပြီး ကျော်စောလျက်ရှိသော ဘိုစနေဆိုသူအား ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိရာ သြဂုတ် ၂၅ ရက်က ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်အတွင်းရှိ ၎င်းတို့ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေစဉ် မူးယစ်ဆေးဝါးအမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ ဘိုစနေအား မတွေ့ရဘဲ မူးယစ်ဆေးဝါးရောင်းချမှုများ ဆောင်ရွက်ပေးသော ၎င်း၏ဇနီးဖြစ်သူ မနန်းသန္တာတင့်(ခ)မိနန်းအား မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရသော်လည်း အောင်မြေသာစံမြို့နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မူးယစ်ဆေးဝါးရောင်းချမှုဖြင့် ကျော်စောသတင်းရှိသူဖြစ်ရာ ပြင်ပတွင် လွတ်လပ်စွာ ထားရှိပါက မူးယစ်ဆေးဝါးများ ဆက်လက် ရောင်းချနိုင်သောကြောင့် မနန်းသန္တာတင့်ကို အောင်မြေသာစံမြို့မရဲစခန်းတွင် မယ (ပ)၂၃/၂၀၁၈ မူး/စိတ်ပုဒ်မ၂၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ထိုကဲ့သို့ အမှုဖွင့် အရေးယူမှုနှင့်ပတ်သက်ပြီး အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်သို့ မေးမြန်းခဲ့ရာ “ဘိုစနေက အောင်မြေသာစံမြို့နယ်ထဲက မင်းတဲ အီကင်းမှာနေတာ။ ဘိုစနေရဲ့မိန်းမဆိုတော့ သူလည်း မူးယစ်ဆေးဝါး ရောင်းချမှုနဲ့ ဆက်စပ်နေမယ်။ ယောက်ကျားက ကျော်စောမှတော့ မိန်းမက မသိဘူးဆိုတာ မရှိဘူး။ ဒါကြောင့် မူးယစ်ကျော်စောမှုနဲ့ တရားစွဲတင်လိုက်တာပါ။ သုံးနှစ်အတွင်း ကောင်းမွန်စွာ နေထိုင်မယ်ဆိုတဲ့ ခံဝန်ချုပ်ဆိုတယ်လို့တော့ သိရတယ်။ တရားရုံးကပဲ အမိန့်ချတာပါ” ဟု ပြောကြားခဲ့သည်။

ထိုသို့ မူးယစ်ကျော်စောမှုဖြင့် အမှုဖွင့်ခံထားရသည့် မနန်းသန္တာတင့်ကို ရဲစခန်းစွဲချက်အမှတ် ၇၅၄/၂၀၁၈ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးသို့ စက်တင်ဘာလ ၇ ရက်က တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာလ ၁၀ ရက်တွင် မနန်းသန္တာကို မူး/စိတ် ပုဒ်မ၂၅(က)အရ သုံးနှစ်တာကာလအတွင်း ကောင်းမွန်စွာနေထိုင်စေရန် ကျပ်သိန်း ၁၀၀ တန် ခံဝန်သူနှစ်ဦးဖြင့် ခံဝန်ချုပ်ဆိုစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် ဗီဒီဖိုင်များမကြာခဏဆိုသလို ပျံ့နှံ့လျက်ရှိပြီး အဆိုပါ သတင်းထွက်ပေါ်နေသည့် နေရာများသို့ ရဲတပ်ဖွဲ့မှ သွားရောက်ရှာဖွေ ဖမ်းဆီးခြင်းများ အဆက်မပြတ် ပြုလုပ်နေသလို မူးယစ်ဆေးဝါး သုံးစွဲသူများ ခိုအောင်းရာဟု နာမည်ရှိသည့်ကျူးကျော်တဲများ၊ နေအိမ်များကိုလည်း စည်ပင်သာယာရေးဥပဒေဖြင့် ဖျက်သိမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

Most Read

Most Recent