အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသူများ မိုးတွင်းကာလတွင် စားနပ်ရိက္ခာ အကူအညီမရသဖြင့် အခက်အခဲများ ဖြစ်ပေါ်

အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသူများ မိုးတွင်းကာလတွင် စားနပ်ရိက္ခာ အကူအညီမရသဖြင့် အခက်အခဲများ ဖြစ်ပေါ်
Published 13 September 2018

အောင်သပြေကျေးရွာအနီးတွင် ရောက်ရှိနေထိုင်သူများ၏ တဲများအား တွေ့ရစဉ်

အကြမ်းဖက်မှုနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသူများမှာ မိုးတွင်းကာလတွင် စားနပ်ရိက္ခာ ထောက်ပံ့မှု အကူအညီမရသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာပြီး မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာတွင် ခိုလှုံရောက်ရှိနေသူ ဦးရွှေလှမောင်က “အခုစားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေပါတယ်။ အလုပ်တွေလည်း မရှိပါဘူး။ မြို့ပေါ်သွားပြီး အလုပ်လုပ်မယ်ဆိုရင်လဲ မဖြစ်ပြန်ဘူး။ ရပ်ရွာအုပ်ချုပ်ရေးက ပြောထားတဲ့အတိုင်း နေနေရတယ်။ ဒေသအခြေအနေကလည်း ဘာဖြစ်လာမလဲဆိုတာ ပြောဖို့ခက်တော့ နေတဲ့ရွာမှာပဲ ကင်းစောင့်နေရတယ်။ ရောက်စကတော့ အစိုးရကရော၊ လူမှုအဖွဲ့အစည်းတို့ ကြက်ခြေနီအဖွဲ့တို့ကလာပြီး ကူညီထောက်ပံ့တာရှိတယ်။ အခုမိုးတွင်းကာလမှာတော့ လမ်းကဆိုးလို့ မရောက်လာကြတော့ဘူး။ ဒါကြောင့် စားနပ်ရိက္ခာ အခက်အခဲ ရှိနေတာပါ။ အခုကျွန်တော်တို့ အခက်အခဲက စားနပ်ရိက္ခာ အခက်အခဲဖြစ်ပြီးတော့ ဆန်အပါအဝင် ငါးပိ၊ ဆီ၊ ဆား အရေးပေါ် လိုအပ်နေပါတယ်” ဟု ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရာဘင်ခရိုင် တန်းဆိပ်မြို့နယ်အရှေ့ပိုင်းတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်ကာ နေထိုင်လာခဲ့သူများ ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်ယာလုပ်ငန်း လုပ်ကိုင်ခြင်းကို ကန့်သတ်လာခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများ ဖြစ်ပေါ်လာသဖြင့် ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က တောင်ယာလုပ်ငန်းကို လုပ်ကိုင်ပြီး နေလာခဲ့တာပါ။ ဒါပေမဲ့ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်ယာလုပ်ဖို့ တောကိုမီးမရှို့ရဘူးလို့ တားမြစ်လာတဲ့အခါ ကျွန်တော်တို့ အလုပ်လက်မဲ့ဖြစ်လာတယ်။ နောက်စိုက်ခင်းကထွက်တဲ့ အသီးအနှံတွေကိုဆိုလည်း ငွေကောက်ခံတယ်။ ဝါးတွေ ခုတ်ရောင်းရင်လည်း ဂိတ်တွေက မသွားရဘူး တားလာတယ်။ နောက်ပညာရေး၊ ကျန်းမာရေးအတွက် ကျောင်းမရှိဘူး။ ဆေးခန်းမရှိဘူး။ ဆိုတော့ ကျွန်တော်တို့ ဘယ်လိုမှနေလို့ မရတော့တဲ့အတွက် မြန်မာနိုင်ငံထဲကို ဝင်လာတာပါ။ ဒီမှာ ဘယ်လိုအခက်အခဲရှိရှိ ပြန်တော့မသွားတော့ဘူး” ဟု ၎င်းက ဆိုသည်။

အောင်သပြေကျေးရွာတွင် ရခိုင်တိုင်းရင်းသား မိသားစု ၂၄ စု၊ လူဦးရေ ၈၁ ဦးတို့မှာ သက်ဆိုင်ရာမှ ထောက်ပံ့သည့် တာပေါ်လင်တဲများတွင် နေထိုင်ကြပြီး မိုးတွင်းကာလ အလုပ်လက်မဲ့ဖြစ်နေ၍ စားဝတ်နေရေး အဆင်မပြေမှုများ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ မိသားစုများသည် မတ်လအတွင်းမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ရွက်ဖျင်တဲထိုးပြီး အောင်သပြေရွာနှင့် ကပ်လျက်နေရာတွင် နေထိုင်ကြရသော်လည်း ဝင်ငွေရသော အလုပ်ကိုင်များ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ မရှိခြင်း၊ လယ်လုပ်ငန်းနှင့် သစ်ဝါးခုတ်ပြီး ရောင်းချစားသောက်ရန် အတွက်လည်း တောတောင်သို့ သွားရောက်ရန် စိုးရိမ်နေရခြင်းများကြောင့် စားသောက်ရေးနှင့် ကျန်းမာရေးအတွက် အခက်အခဲများ ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၈ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာ လက်ရှိအချိန်အထိ မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် တန်းဆိပ်မြို့နယ် မော်တုတ်ကြီးကျေးရွာမှ ရခိုင်အိမ်ထောင်စု ၂၄ စု စုစုပေါင်း လူဦးရေ ၈၁ ဦး၊ သစ်တုံးနားခွဆုံ ကျေးရွာသစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် တန်းဆိပ်မြို့နယ်၊ လမားကျေးရွာမှ မြိုမိသားစု ၃၀ စု၊ လူဦးရေ ၁၅၅ ဦးနှင့် ဒိုင်းနက်မိသားစု လေးစု၊ လူဦးရေ ၂၇ ဦး၊ စုစုပေါင်း လူဦးရေ ၁၈၂ ဦးနှင့် သုပဏ္ဏကကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ခေါ်တော်ခရိုင် ဘော်ဘီတီကျေးရွာမှ မြိုမိသားစု ၁၁ စု၊ လူဦးရေ ၆၃ ဦး၊ တောင်ပြိုနယ်စပ် နံ့သာတောင် ကျေးရွာတွင် ရခိုင်လူမျိုးခြောက်ဦးနှင့် မီးတိုက်ကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် အလီခေါ်တောင်မြို့နယ် ရွမ်ဘို (ဒိုင်းနက်) ရွာမှ ဒိုင်းနက်လူမျိုး ၁၃ ဦးတို့ ရောက်ရှိနေခြင်းဖြစ်ပြီး စုစုပေါင်း လူဦးရေ ၃၄၅ ဦး ရောက်ရှိနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘိုးဘွားလက်ထက်ကပင် နေထိုင်ခဲ့သူများ ဖြစ်သော်လည်း နေထိုင်စားသောက်ရေး ခက်ခဲခြင်း၊ အစ္စလာမ်ဘာသာဝင်အချို့မှ လူမျိုးရေး၊ စီးပွားရေး အနိုင်ကျင့် ခြိမ်းခြောက်ခြင်းတို့ကြောင့် မောင်တောမြို့နယ်မြောက်ပိုင်းရှိ ဆွေမျိုးများနှင့် ဆက်သွယ်ကာ ၎င်းတို့ဆန္ဒအလျောက် မြန်မာနိုင်ငံတွင် နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် ထွက်ပြေးလာကြခြင်းဖြစ်သည်။

Most Read

Most Recent