<

မြန်မာနိုင်ငံသည် အချိန်တိုအတွင်း လျင်မြန်သောနှုန်းဖြင့် တိုးတက်လာခဲ့ကြောင်း အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ပြုလုပ်သည့် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တွေ့ရစဉ်

မြန်မာနိုင်ငံသည် အချိန်တိုအတွင်း လျင်မြန်သောနှုန်းဖြင့် တိုးတက်လာခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းမိန့်ခွန်းပြောကြားစဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့်သိရသည်။

“မြန်မာနိုင်ငံဆိုတာက တတိယအကြိမ် စက်မှုတော်လှန်ရေးနဲ့ ထိတွေ့မှုမရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အခုတော့ စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးထဲမှာ မပါမနေရ အခြေအနေပါ။ ကျွန်မတို့ နိုင်ငံလို နောက်ကျခဲ့ပြီးမှ တိုးတက်မှုများစွာ ရှိခဲ့လို့ရှိရင် လူတော်တော်များများက အဆင့်ကျော် တိုးတက်မှုလို့ ခေါ်ဝေါ်ကြပါတယ်။ ဒါပေမဲ့ အခြေအနေကိုကြည့်ပြီး ကျွန်မတို့ နိုင်ငံအနေနဲ့ လုပ်ဆောင်နိုင်ခဲ့တဲ့ တိုးတက်မှုတွေက သာမန်အဆင့်ကျော် တိုးတက်မှု မဟုတ်ဘဲ ကြီးမားလှတဲ့ တစ်ဆင့်ခုန် တိုးတက်မှု ဖြစ်နေပါတယ်။ လွန်စွာကြီးမားတဲ့ တစ်ဆင့်ခုန် တိုးတက်မှုတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲက ကမ္ဘာတစ်ဝန်း တိုးတက်မှုတွေနဲ့ ယှဉ်လိုက်ရင် အရမ်းကို နောက်ကျနေတဲ့ ကျွန်မတို့အတွက် လိုအပ်ပါတယ်။ ဒီလိုလွန်စွာကြီးမားတဲ့ အဆင့်ခုန် တိုးတက်မှုကို သက်သေအနေနဲ့ ပြရမယ်ဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကျွန်မတို့နိုင်ငံမှာ ဆဲလ်ဖုန်းတစ်လုံးရဲ့ ဈေးက ဒေါ်လာ ၁၅၀၀ လောက် ရှိပါတယ်။ အခုတော့ တစ်ဒေါ်လာကျော်ကျော်လောက်ပဲ ဈေးရှိပါတော့တယ်။ အင်တာနက်သုံးစွဲမှုက တစ်ရာခိုင်နှုန်းသာသာလေးကနေ ၁၀၅ ရာခိုင်နှုန်း ဖြစ်သွားပါတယ်။ ဒါတွေအကုန်လုံးက ငါးနှစ်အတွင်းမှာ ဖြစ်လာတဲ့အတွက် လွန်စွာကြီးမားတဲ့ တစ်ဆင့်ခုန် တိုးတက်မှုလို့ ခေါ်ရင်မမှားပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က အချိန်တိုအတွင်း ဆဲလ်ဖုန်းသုံးစွဲမှုများနှင့် အင်တာနက် ချိတ်ဆက်သုံးစွဲနိုင်မှု မြင့်မားလာသောကြောင့် မထင်မှတ်သည့် တိုးတက်မှု လမ်းကြောင်းများပေါ်သို့ ရောက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘဏ်များအပေါ်  အယုံအကြည် မရှိခဲ့သည့် အခြေအနေမှ ဘဏ်များ၏ ၀န်ဆောင်မှုများနှင့်တကွ E-Commerce သာမက Social Commerce ပါ ထွန်းကားလာပြီဖြစ်ကြောင်း၊ စမတ်ဖုန်းများအား ကိုင်တွယ် သုံးစွဲမှုနှုန်းသည်လည်း လျင်မြန်စွာ မြင့်မားလာခဲ့ကြောင်း ပြောကြားသည်။

“ဒီလိုဘာကြောင့် ဖြစ်လာရတာလဲဆိုတော့ ကျွန်မတို့က လက်တွေ့ကျကျပဲ လုပ်ဆောင်ခဲ့လို့ပါ။ ဈေးကွက်ကာကွယ် ပိတ်ဆို့နေမယ့်အစား ကျွန်မတို့က ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိလာအောင် ဖွင့်ပေးလိုက်ပါတယ်။ ဒါကြောင့် လူတော်တော်များများ အတွက် အင်တာနက် ချိတ်ဆက်မှုက လွယ်ကူလျင်မြန် ဈေးနှုန်းချိုသာတာကြောင့် သုံးစွဲမှု မြင့်မားလာတာပါ။ ဒါတွေက ကျွန်မတို့နိုင်ငံ လူသားအရင်းအမြစ်အတွက် လက်တွေ့ကျကျ အသုံးဝင်သလို ယုံကြည်စိတ်ချမှုကိုလည်း တိုးမြှင့်စေပါတယ်။ ကျွန်မတို့က ပြိုင်ဆိုင်မှုကို မကြောက်ပါဘူး။ ပြိုင်ဆိုင်မှုကို ကြောက်ရွံ့နေရင် အခုလက်ရှိ စတုတ္ထမြောက် စက်မှုတော်လှန်ရေးမှာ ကျွန်မတို့ထက်ပိုပြီး ကံကောင်း တိုးတက်နေတဲ့ နိုင်ငံတွေကို ဘယ်တော့မှ လိုက်မီမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

လူသားအရင်းအမြစ်သည် စတုတ္ထမြောက် စက်မှုတော်လှန်ရေးတွင် လွန်စွာအရေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူသားအရင်းအမြစ် အထူးသဖြင့် လူငယ်များ၏ တီထွင်ဖန်တီးနိုင်မှု၊ သနားကြင်နာမှုနှင့် ဦးဆောင် ထိန်းသိမ်းနိုင်မှု အရည်အချင်းများကို အားပေးလုပ်ဆောင်နေကြောင်း၊ စတုတ္ထမြောက် စက်မှုတော်လှန်ရေးဆိုသည်မှာ လူငယ်များနှင့် များစွာဆက်နွှယ်နေသည်ဟု ပြောနေကြသော်လည်း အမှန်မှာ အသက်အရွယ် နေရာဒေသမရွေးဘဲ လူသားမျိုးနွယ်တစ်ခုလုံးနှင့် သက်ဆိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှု ပိုမိုနည်းပါးနေသော နိုင်ငံများအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်ရန်တစ်ချိန်က ကျွမ်းကျင်မှုနည်းပါးသော လုပ်သားများအပေါ် တည်မှီခဲ့ရကြောင်း၊ ယခုအခါ အာဆီယံနိုင်ငံများအနေဖြင့် ကျွမ်းကျင်မှုနှင့် နည်းပညာ တိုးတက်ရေးအတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပညာရေးစနစ်သည် စိန်ခေါ်မှုများ ရင်ဆိုင်ဖြေရှင်းရေးအတွက် အရေးကြီးကြောင်း၊ ပညာရေးကို ပညာရှင်အဆင့် အရည်အချင်းရှိမှုထက် လက်တွေ့ကျသည့် အရည်အချင်းရှိမှု ပြောင်းလဲ၍ အလေးပေး ဆောင်ရွက်သင့်ကြောင်း၊ လူငယ်များအား တီထွင်ကြံဆနိုင်မှု အတွေးအခေါ်များကို တွန်းအားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စွန့်ဦးတီထွင်မှုနှင့် ပတ်သက်၍ ကူးသန်းရောင်းဝယ်မှု၊ စက်မှု၊ ကုန်သွယ်မှုတို့ သာမက ကဏ္ဍများဖွံဖြိုး တိုးတက်မှုအတွက် ပျိုးထောင်ပေးကြရမည်ဖြစ်သည်ဟု ၎င်းကပြောကြားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံတွင် လူငယ်များတီထွင်မှု စွမ်းအားရှိကြောင်း၊ တီထွင်မှုအား လက်တွေ့ ဆောင်ရွက်မှုစွမ်းရည်နှင့် ချိတ်ဆက်ပြီး တီထွင်မှု၊ စွမ်းဆောင်မှု၊ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုတို့အတွက် ချဉ်းကပ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အာဆီယံဒေသနိုင်ငံများအကြား ဖွံဖြိုးတိုးတက်မှု ကွာဟမှု ကျဉ်းမြောင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသတွင်းတည်ငြိမ်မှု၊ လုံခြုံမှုမှာလည်း အရေးကြီးကြောင်း၊ မိမိနိုင်ငံအနေဖြင့် စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှု ကာလသို့ ကူးပြောင်းဆောင်ရွက်ရာတွင် ပြည်သူများအတွက် ငွေကြေးဆိုင်ရာလုံခြုံမှု သာမကအခြားသော လုံခြုံမှုများဖြင့်ပါ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ ဤဆွေးနွေးပွဲဖိုရမ်မှ စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှု ကာလသည် စီးပွားရေးအရ ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းစေရေးထက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဖြစ်ပေါ်လာရေးအတွက် အထောက်အကူပြု ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးနိုင်မည့် အခွင့်အရေး ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

September 12, 2018














Copy Protected by Chetan's WP-Copyprotect.