(၃၄) ကြိမ်မြောက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဒုရဲမှူးဟောင်းမိုးရန်နိုင်နှင့် ရိုက်တာသတင်းထောက်နှစ်ဦးအား ထောက်ပံ့ငွေပေးအပ်

(၃၄) ကြိမ်မြောက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဒုရဲမှူးဟောင်းမိုးရန်နိုင်နှင့် ရိုက်တာသတင်းထောက်နှစ်ဦးအား ထောက်ပံ့ငွေပေးအပ်
Published 13 September 2018

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း (၃၄) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် အလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်စဉ်

(၃၄) ကြိမ်မြောက် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဒုရဲမှူးဟောင်းမိုးရန်နိုင်နှင့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီး ဒုရဲမှူးဟောင်း မိုးရန်နိုင်ကိုယ်စား ဖောင်ဒေးရှင်းတာဝန်ရှိသူတစ်ယောက်က ထောက်ပံ့ငွေလက်ခံ၍ သတင်းထောက်နှစ်ဦးကိုယ်စား ၎င်းတို့၏ဇနီးများက လက်ခံခဲ့သည်။

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း၏ (၃၄) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် အလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ စက်တင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

ဒုရဲမှူးဟောင်းမိုးရန်နိုင်နှင့် ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောက်ပံ့မှုပေးခြင်းမှာ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသာဖြစ်ကြောင်း ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဦးထွန်းကြည်က ဆိုသည်။

“ကိုမိုးရန်နိုင်က ဒုရဲမှူးဖြစ်လင့်ကစား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြန်တမ်းဝင်အရာရှိဖြစ်လင့်ကစား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ အဲဒီစည်းမျဉ်းစည်းကမ်းတွေနဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သူက တာဝန်ထမ်းဆောင်ခဲ့လင့်ကစား အဓိက သူကတိုင်းပြည်ရဲ့မျက်နှာ၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ မျက်နှာ၊ ပြည်သူလူထုရဲ့မျက်နှာ၊ အမှန်တရားမျက်နှာကို ထောက်ထားပြီးတော့ တရားခွင်မှာပဲ။ ဟုတ်တယ်နော် စွန့်လွှတ်စွန့်စားပေါ့။ အဲဒီစိတ်ဓာတ်နဲ့ သူက ဖွင့်ဟပြလိုက်တဲ့ အတွက်ကြောင့် ဘာပဲပြောပြော ကျွန်တော်တို့က သတ်လည်းသတ်မှတ်တယ်။ အသိအမှတ်လည်း ပြုတယ်။ ကျွန်တော်တို့က ဘာပဲပြောပြော လေးစား တန်ဖိုးထားသောအားဖြင့် ချီးကျူးထိုက်တဲ့လူ၊ ဂုဏ်ပြုထိုက်တဲ့လူတွေကို ကိုမိုးရန်နိုင် အပါအဝင် ကိုဝလုံးရော ဒီဘက်မှာ ကိုကျော်စိုးဦးကိုရော တစ်ခေတ်တစ်ခါမှာတော့ ရှားရှားပါးပါး။ ဒါကိုလည်း ဘာပဲပြောပြော Emphasize လုပ်ပြီးတော့ တည်ပြီးပြောနေတာ။ သူတို့ကို ဇောင်းပေးပြီးပြောနေတာ။ သိပ်အရေးကြီးပါတယ်။ ဒီသုံးယောက်နဲ့ ပတ်သက်ပြီးတော့” ဟု ဦးထွန်းကြည်က ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးနှင့် တွေ့ဆုံဖူးသော လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။ ထို့ပြင် ရိုက်တာသတင်းထောက်များဖြစ်ကြသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) ချိုးဖောက်သည်ဟုဆိုကာ စက်တင်ဘာ ၃ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့သည်။ လက်ရှိတွင် ထိုပုဂ္ဂိုလ်သုံးဦးစလုံးမှာ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည်။

“တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ သူတို့ဖမ်းဆီး ထိန်းသိမ်းခံရတာ ကိုးလပြည့်တဲ့နေ့မှာပဲ ဒီဆုပေးပွဲ ထောက်ပံ့ပေးတဲ့ပွဲနဲ့ တိုက်ဆိုင်တာပေါ့နော်။ ဖြစ်နိုင်မယ်ဆိုရင်တော့ သူတို့ကိုယ်တိုင် ဒီဆုကိုလာပြီးတော့ လက်ခံစေချင်ပါတယ် လွတ်မြောက်ပြီးတော့။ သူတို့ကိုယ်တိုင် အားကျလေးစားခဲ့ရတဲ့ပုဂ္ဂိုလ်ကြီး တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ထောက်ပံ့ပေးတဲ့ အတွက်လည်း အတိုင်းမသိ ဝမ်းသာပါတယ်။ ဒီဖောင်ဒေးရှင်း ဘဘဦးဝင်းတင်ဖောင်ဒေးရှင်း။ ဆက်လက်ပြီးတော့ တည်တံ့ဖို့ ညီမတို့နဲ့ ဘဝတူတွေအားလုံး ဆက်လက်ပြီးတော့ ရေရှည်ထောက်ပံ့ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ပြီးတော့ သူတို့ကို ရွေးချယ်ပေးခဲ့တဲ့ ဘဘဦးဝင်းတင်ဖောင်ဒေးရှင်းက တာဝန်ရှိတဲ့လူတွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု ကိုဝလုံး၏ဇနီး မပန်းအိက ပြောကြားသည်။

ထို့အတူ ဖောင်ဒေးရှင်းက ယင်းကဲ့သို့ ထောက်ပံ့ငွေပေးအပ်သည့်အတွက် ဖောင်ဒေးရှင်းကို ကျေးဇူးတင်ရှိကြောင်း ကိုကျော်စိုးဦး၏ဇနီး မချစ်စုက ပြောကြားသည်။

(၃၄) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲတွင် လက်ရှိနိုင်ငံရေးအကျဉ်းသားများဖြစ်သော ဦးမိုးရန်နိုင် (ဒုရဲမှူးဟောင်း)၊ ကိုကျော်စိုးဦး (ရိုက်တာသတင်းထောက်)၊ ကိုသက်ဦးမောင် (ခ) ကိုဝလုံး (ရိုက်တာသတင်းထောက်) တို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘဝတူ စာနယ်ဇင်းသမားများဖြစ်သော ဦးသောင်းနိုင်၊ ဒေါ်စန်းအေးသွယ်၊ ဦးကျော်စိုး၊ ဦးအေးငွေ၊ ဦးစိုးမြင့်၊ ကိုသီဟနှင့် NLD လူငယ်ဘုံရိပ်သာတို့အတွက် စုစုပေါင်း ကျပ် ၂၁ သိန်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထိုဖောင်ဒေးရှင်းသည် ၂၀၁၂ ခုနှစ် မတ် ၁၂ ရက်မှ စတင်၍ လက်ရှိအချိန်အထိ ဖမ်းဆီးသတ်ဖြတ်ခံ နိုင်ငံရေးအကျဉ်းသားတစ်ဦး၊ လက်ရှိနိုင်ငံရေးအကျဉ်းသား ၁၆၈ ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘဝတူစာနယ်ဇင်းသမား ၆၇၈ ဦး စုစုပေါင်း ၈၄၇ ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၂၀၃၁ သိန်း ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း (၃၄) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဖောင်ဒေးရှင်းသည် နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုများအတွက် ပညာရေးထောက်ပံ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလုပ်အကိုင် ရှာဖွေပေးရေး လုပ်ငန်းစဉ်များကိုလည်း ပြည်တွင်းအလှူရှင်တစ်ဦးနှင့် ပေါင်းကူးဆက်စပ်ကာ ဆောင်ရွက်ပေးလျက်ရှိရာတွင် ပညာရေးထောက်ပံ့မှု အစီအစဉ်အဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် သားသမီး စုစုပေါင်း ၇၇၃ ဦးအတွက် ကျပ် ၈၂၉ သိန်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent