<

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွား တရားဝင် လည်ပတ်ခွင့်ပြုသော်လည်း သွားရောက်မည့် ခရီးသွားဧည့်သည်များ အနေဖြင့် သတ်မှတ်လမ်းအတိုင်း သွားရမည်ဖြစ်ကာ မော်တော်ယာဉ်ဖြင့်သာ သွားခွင့်ပြုမည်ဟု သိရ

မိုးကုတ်မြို့ မြင်ကွင်း

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရတနာမြေဖြစ်သော မိုးကုတ်မြို့သို့ ပြီးခဲ့သည့်လပိုင်းက နိုင်ငံခြားသားခရီးသွားဧည့်သည် လည်ပတ်ခွင့်ကို ယခင်က ကာကွယ်ရေးနှင့် ပြည်ထဲရေး၏ ထောက်ခံချက်ဖြင့် ခွင့်ပြုခဲ့ရာမှ ယခုလမှ စတင်ကာ ယင်းထောက်ခံချက်မပါဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သွားရောက်လည်ပတ် ခွင့်ပြုမည်ဖြစ်ကာ သွားရောက်မည့် ခရီးသွားများအနေဖြင့် သတ်မှတ်လမ်းအတိုင်းသာ သွားလာခွင့်ရမည်ဖြစ်ပြီး မော်တော်ယာဉ်ဖြင့်သာ သွားလာရမည်ဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်ခွင့်နှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာ ၁၀ ရက်က ခရီးသွားကုမ္ပဏီများနှင့် ခရီးသွားလုပ်ငန်းများအား သတ်မှတ်ထားသည့် စည်းကမ်းများကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသည်များကို စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မိုးကုတ်က အရင်က ကန့်သတ်နယ်မြေကနေ အခုမှာ ဖြေလျှော့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ သွားရောက်လည်ပတ် ခွင့်ပြုတာဖြစ်တယ်။ လည်ပတ်တဲ့အခါမှာ အရင်လိုပြည်ထဲရေးရဲ့ ထောက်ခံချက် မလိုတော့ဘဲ သွားရောက်မယ့်အဖွဲ့က ခရီးသွားကုမ္ပဏီကနေ သက်ဆိုင်ရာ ဟိုတယ်ခရီးကို လျှောက်ထားပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ကို တင်ပြရမယ်။ အစိုးရအဖွဲ့ကနေ အမြန်ဆုံး ခွင့်ပြုပေးသွားမယ်။ စည်းကမ်း သတ်မှတ်ချက်တွေ အနေနဲ့တော့ သွားမယ့်ခရီးသွားတွေကို ဆိုင်ကယ်တို့၊ စက်ဘီးတို့နဲ့ ခွင့်မပြုဘဲ မော်တော်ယာဉ်နဲ့သာ မန္တလေး-မတ္တရာ-မိုးကုတ်လမ်းကသာ အသွားအပြန် ခွင့်ပြုမယ်။ လည်ပတ်တဲ့အခါလည်း မြို့ပေါ်သာ လည်ပတ်ခွင့်ပြုမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

သွားရောက်မည့် ခရီးသွားများ အနေဖြင့် ခရီးသွားကုမ္ပဏီ၏ တာဝန်ယူမှုဖြင့် ပြည်တွင်းဧည့်လမ်းညွှန်တစ်ယောက် ပါဝင်မှသာ ခွင့်ပြုမည်ဖြစ်ကာ မြို့ပေါ်ဧရိယာကိုသာ လည်ပတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းကဲ့သို့ ထုတ်ပြန်ခွင့်ပြုထားသော်လည်း လျှောက်ထားသူ မရှိသေးကြောင်း၊ လာမည့် ခရီးသွားဧည့်သည်များသည့် ကာလတွင် လျှောက်ထားမှုများပါက မိုးကုတ်မြို့ပေါ်တွင် တည်းခိုနေထိုင်နိုင်မည့် ဟိုတယ်အလိုက် ခွင့်ပြုခြင်းများကို လျင်လျင်မြန်မြန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

September 12, 2018














Copy Protected by Chetan's WP-Copyprotect.