ပခုက္ကူခရိုင် ပေါက်မြို့နယ် လက်ပံတိုရေနံမှော်အတွင်း လူနေထိုင်ခြင်းမရှိသည့် တဲဟောင်းအတွင်း ထိုင်နေသူနှစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ပခုက္ကူခရိုင် ပေါက်မြို့နယ် လက်ပံတိုရေနံမှော်အတွင်း လူနေထိုင်ခြင်းမရှိသည့် တဲဟောင်းအတွင်း ထိုင်နေသူနှစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
Published 13 September 2018

ပခုက္ကူခရိုင် ပေါက်မြို့နယ် လက်ပံတိုရေနံမှော်အတွင်း လူနေထိုင်ခြင်းမရှိသည့် တဲဟောင်းအတွင်း ထိုင်နေသူနှစ်ဦးထံမှ ဆပ်ပြာခွက်များအတွင်း ထည့်ထားသည့် ဘိန်းဖြူများနှင့် ပန်းရောင်စိတ်ကြွဆေးပြားများအား ယခုစက်တင်ဘာ ၁၁ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ် ရေပြာရဲစခန်းတွင် အရေးယူ ဆောင်ရွက်ရန် ဖွင့်လှစ်ထားသည့် ရေနံတရားမဝင်ချက်လုပ်သည့် အမှုများမှ တရားခံများအား စုံစမ်းဖမ်းဆီးရန်အတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက လက်ပံတိုရေနံမှော်အတွင်း ထွက်ခွာလာစဉ် လူနေထိုင်ခြင်းမရှိသည့် တဲဟောင်းအတွင်း ထိုင်နေသူနှစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူနေထိုင်ခြင်း မရှိသည့် တဲဟောင်းအတွင်း ထိုင်နေသည့် ကိုမျိုးမင်းဌေး (၂၇ နှစ်) ဆိုသူထံရှိ ပျောက်ကျားကျောပိုးအိတ်အား စစ်ဆေးရာ အရှည်တစ်ပေခွဲ၊ အချင်း ၁၀ လက်မရှိ ဆောင်းဘောက်အတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူဝါရောင်မှုန့် ၁၀ ဂရမ်ဆီပါ ရောင်စုံဆပ်ပြာခွက် ၁၆ ခွက် စုစုပေါင်း ၁၆၀ ဂရမ်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနေထိုင်ခြင်းမရှိသည့် တဲဟောင်းအတွင်း ထိုင်နေသည့် ကိုလွမ်းနိုင် (၃၀ နှစ်) ဆိုသူအား ဆက်လက်စစ်ဆေးရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ Red Ruby ဆေးလိပ်ဘူးခွံအတွင်း အပြာရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၁၉ ပြား၊ ဘိန်းဖြူဟု ယူဆရသည့် အဝါရောင်အမှုန့်များကပ်လျက် ပလတ်စတစ်ဘူး၊ ဘိန်းဖြူဟု ယူဆရသည့် အဝါရောင်အမှုန့် တစ်ဂရမ်ပါ ပလတ်စတစ်အိတ် တစ်အိတ်နှင့် မူးယစ်ဆေးဝါ သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ ဆက်စပ်ပစ္စည်များနှင့် ငွေကြေးများအား လက်ဝယ်တွေ့ရှိခဲ့သည့် လွမ်းနိုင် (၃၀ နှစ်) ညောင်မကျေးရွာ၊ မြိုင်မြို့နယ်နေသူနှင့် မျိုးမင်းဌေး (၂၇ နှစ်) မကျီးကုန်းကျေးရွာ၊ ယင်းမာပင်မြို့နေသူတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)၊ ၂၀ (က)၊ ၂၁ တို့ဖြင့် ပေါက်မြို့နယ် ရေပြာရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ပေါက်မြို့နယ် လက်ပံတိုရေနံမှော်အတွင်း တရားမဝင်ရေနံချက်လုပ်သည့် လုပ်ငန်း အများအပြား ရှိနေသည့်အတွက် ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်မှ ၂၀ ရက်ထိ တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာ တရားမဝင်ရေနံချက်ဖို ၇၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent