<

ဘားအံမြို့ပေါ်တွင် နေ့ခင်းကြောင်တောင် လုယက်မှု မကြာခဏ ဖြစ်ပေါ်နေ

ဘားအံမြို့ပေါ်တွင် နေ့ခင်းကြောင်တောင် လုယက်မှု အကြိမ်ကြိမ် ဖြစ်ပေါ်နေ၍ ဒေသခံများ၏ လုံခြုံမှုအနေအထားအရ စိုးရိမ်စရာဖြစ်လာကြောင်း ဒေသခံများက ပြောကြားသည်။

“ဘားအံမြို့က နယ်စပ်မြ၀တီနဲ့ နီးစပ်နေတဲ့အတွက် အနယ်နယ်ကလူတွေ နေထိုင်မှု များပြားလာတာ တွေ့ရတယ်။ ဘားအံမှာ လူဦးရေထူထပ်လာသလို ဒုစရိုက်မှုတွေ ပိုမိုဖြစ်ပွားလာတာ တွေ့ရတယ်။ မနေ့က ကျွန်တော့်အသိတစ်ယောက် မြို့ထဲကနေ ပြည်ထောင်စုဘက်ကို ဆိုင်ကယ်စီးပြီးအလာမှာ နောက်ကဆိုင်ကယ်တစ်စီးကပ်လိုက်လာပြီး ခါးကြားမှာထိုးထားတဲ့ ပိုက်ဆံအိတ်လုယူပြီး မောင်းပြေးတာ လိုက်လို့မမီလိုက်ဘူး။ ဟိုတစ်ပတ်ကလည်း နေ့ခင်းကြီး သီရိလမ်းမပေါ်မှာ လမ်းလျှောက်လာတဲ့ ကျောင်းဆရာမ စလင်းဘက်အိတ်ကို ဆိုင်ကယ်နဲ့ အနောက်ကလာပြီး လုယူသွားသေးတယ်။ ဘားအံမှာ နေ့ခင်းကြောင်တောင် လုယက်မှုတွေဖြစ်နေတာ ကြာနေပြီ။ လုယူသူကို ဖမ်းမိတာတော့ မကြားမိသေးဘူး။ ဒီလိုလုယက်မှု သတင်းကြောင့် ကန်သာယာညဈေးတန်းမှာ ညဘက် မုန့်လာဝယ်စားသူ နည်းသွားတယ်” ဟု ဘားအံမြို့ခံတစ်ဦးက ပြောကြားသည်။

“လုံခြုံရေးကို ပိုပြီးလုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ။ ကရင်ပြည်နယ်မှာ နယ်စပ် မြ၀တီပြီးရင် ဒုစရိုက်အများဆုံး ဖြစ်ပွားနေတာက ဘားအံမြို့ပဲ။ ဘားအံမှာ ရှာစားဖွေစား လွယ်ကူတဲ့အတွက် အနယ်နယ်က လာရောက် အခြေချသူတွေ များလာတယ်” ဟု ၎င်းက ပြောကြားသည်။

ကရင်ပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ရပ်ကင်း၊ လှည့်ကင်း၊ ၀ပ်ကင်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး မြို့ဝင်ဂိတ်များတွင်လည်း ရှာဖွေစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

September 12, 2018














Copy Protected by Chetan's WP-Copyprotect.