တရားမဝင် ရွှေတူးဖော်မှုကြောင့် ပျက်စီးခဲ့သော လောင်းမင်းကျေးရွာရှိ လယ်မြေများကို စိုက်ပျိုးရေး သုတေသနပညာရှင်များ စေလွှတ်ပြီး စစ်ဆေးခြင်းမပြုမီ စွန့်ပစ်ရေဆိုးများ ထပ်မံစီးဆင်းလာသဖြင့် ကျန်ရှိလယ်မြေများ ပျက်စီးမည်ကို စိုးရိမ်နေကြောင်း သိရ

တရားမဝင် ရွှေတူးဖော်မှုကြောင့် ပျက်စီးခဲ့သော လောင်းမင်းကျေးရွာရှိ လယ်မြေများကို စိုက်ပျိုးရေး သုတေသနပညာရှင်များ စေလွှတ်ပြီး စစ်ဆေးခြင်းမပြုမီ စွန့်ပစ်ရေဆိုးများ ထပ်မံစီးဆင်းလာသဖြင့် ကျန်ရှိလယ်မြေများ ပျက်စီးမည်ကို စိုးရိမ်နေကြောင်း သိရ
Published 13 September 2018

တရားမဝင် ရွှေတူးဖော်ရာမှ စွန့်ပစ်ရေဆိုးနှင့် မြေစာများဖုံးလွှမ်းမှုကြောင့် ပျက်စီးခဲ့သော လောင်းမင်းကျေးရွာရှိ လယ်မြေများကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး လောင်းမင်းကျေးရွာရှိ တရားမဝင် ရွှေတူးဖော်မှုကြောင့် ပျက်စီးခဲ့သော လယ်မြေများကို စိုက်ပျိုးရေး သုတေသနပညာရှင်များ စေလွှတ်ပြီး စစ်ဆေးခြင်းမပြုလုပ်မီ စွန့်ပစ်ရေဆိုးများ ထပ်မံစီးဆင်းလာသဖြင့် ကျန်ရှိနေသော လယ်မြေများ ထပ်မံပျက်စီးမည်ကို လောင်းမင်းကျေး ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

စွန့်ပစ်ရေဆိုးများသည် သြဂုတ် ၃၁ ရက်က စတင်စီးဆင်းခဲ့ခြင်းဖြစ်ပြီး ယခင်စွန့်ပစ်ရေဆိုးများ စီးဆင်းခဲ့ရာ နတ်နန်းချောင်းမှ စီးဆင်းလာခြင်းဖြစ်ကြောင်း လောင်းမင်းကျေးရွာမှ ဒေါ်ငြိမ်းခိုင်၏ ပြောကြားချက်အရ သိရသည်။

“နတ်နန်းချောင်းက ရေနောက်တွေ စပြီးပြန်ဆင်းလာတာကို သြဂုတ် ၃၀ ရက်က သတိထားမိတာ။ မနှစ်တုန်းက လယ်ထဲကို နွံဖုံးတဲ့ ရေပုံစံလို အတူတူပဲ။ မိုးရွာလို့နောက်တဲ့ရေနဲ့ မျောတိုက်လို့နောက်တဲ့ရေက မတူဘူး။ မိုးရွာလို့နောက်တဲ့ရေက သောက်လို့ရတယ်လေ။ အခုဟာက သောက်လို့မရဘူး ရေပုံစံကအစ မတူဘူး။ မြေကြီးတွေကို ရေနဲ့ဖျော်ပြီး သွန်ချလိုက်တဲ့ပုံစံ နောက်နေတာ။ လယ်တွေထဲ မျောမြီး (ရွှေတူးဖော်ရာမှ စွန့်ပစ်သောမြေစာ) ဘယ်လောက်ထပ်ဝင်နေပြီလဲဆိုတာ အခုချိန်တော့ မသိရသေးဘူး။ မုရင်းလယ်ဆိုတော့ မိုးတွင်းရေလွှမ်းထားတယ်လေ။ ရေလွှမ်းလို့ပဲ အဲဒီရွှံ့နွံရေတွေက ဝင်တာလေ။ အဲဒီရေနောက် မဆင်းခင်တုန်းက အထက်ဘက်က မှော်တစ်ခုမှာ လုပ်ကွက်တွေ တိုင်းပေးနေကြတယ်လို့ ကြားရတယ်။ အဲဒီလိုကြားပြီး သိပ်မကြာဘူး ရေနောက်တွေ ဆင်းလာတော့တာပဲ။ ပထမအကြိမ် အဲဒီလိုဖြစ်တုန်းက လယ်တွေအတော်များများ ပျက်စီးသွားပြီး ပျက်သွားတဲ့လယ်တွေကလည်း ဘယ်လိုမှ စိုက်ပျိုးလို့မရတော့ အခုကျန်နေတဲ့လယ်တွေ ထပ်ပျက်မှာကို စိုးရိမ်နေကြတယ်” ဟု ဒေါ်ငြိမ်းခိုင်က ပြောကြားသည်။

ဟုမ္မလင်းမြို့နယ် နတ်နန်းချောင်း အထက်ပိုင်းရှိ တရားမဝင် ရွှေသတ္တုတူးဖော်မှုများမှ စွန့်ပစ်ရေဆိုးများ၊ မြေစာများဖုံးလွှမ်းမှုကြောင့် လောင်းမင်းကျေးရွာရှိ လယ်မြေဧက ၁၂၀ တွင် ၁၀၈ ဧက ထိခိုက်ပျက်စီးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သော ၁၀၈ ဧကမှ ၄၉ ဧကသည် လုံးဝစိုက်ပျိုး၍ မရတော့ဘဲ ၅၈ ဧကကို စမ်းသပ်စိုက်ပျိုးခဲ့ရာ ရိတ်သိမ်းချိန်တွင် ယခင်ထွက်ရှိမှုနှုန်း၏ သုံးပုံတစ်ပုံခန့်သာ ထွက်ရှိခဲ့ပြီး အချို့လယ်ကွက်များသည် လုံးဝရိတ်သိမ်း၍ မရခဲ့ကြောင်း သိရသည်။

တရားမဝင် ရွှေတူးဖော်မှုများမှ စွန့်ပစ်ရေဆိုးများ စွန့်ပစ်မြေစာများကြောင့် ပျက်စီးခဲ့ရသော လောင်းမင်းကျေးရွာရှိ လယ်မြေ ၁၀၈ ဧကကို ပြန်လည်ပြုပြင်ပြီး စိုက်ပျိုး၍ ရ မရ သိရှိနိုင်ရန် စိုက်ပျိုးရေးသုတေသန ပညာရှင်များ စေလွှတ်စစ်ဆေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဇွန်လအတွင်းက ပြောကြားခဲ့သော်လည်း ယခုချိန်အထိ လာရောက်စစ်ဆေးမှုများ မရှိသေးကြောင်း သိရသည်။

“မနှစ်က ပျက်တဲ့ လယ်တွေလည်း ဒီအတိုင်း ထားနေရတုန်းပဲ။ ဇွန် ၅ ရက်တုန်းကတော့ တိုင်းလွှတ်တော်ထဲမှာ နဂိုလိုပြန် စိုက်လို့ပျိုးလို့ရအောင် ပြင်ပေးမယ်၊ လုပ်ပေးမယ်ဆိုပြီး ပြောသွားတယ်လို့ သိရတယ်။ ဒါပေမဲ့ အခုချိန်အထိ ဘယ်ဌာနမှ ရောက်မလာသေးဘူး။ ပုံမှန်အချိန်ကတော့ အောက်တိုဘာလလောက်ဆို ရေပြန်ကျပြီး ကန်သင်းရိုးတွေပေါ်ပြီ။ ဒီနှစ်ကတော့ ရေသိပ်မကြီးဘူးဆိုတော့ ပုံမှန်ထက် စောစောပေါ်မယ်လို့ ထင်တာပဲ။ ပျက်သွားခဲ့တဲ့ လယ်တွေမှာ စမ်းစိုက်ကြသေးပေမယ့် အဆင်မပြေဘူး။ ရေစီးရေလာ မကောင်းတော့ မိုးရွာလိုက်ရင် ရေတွေ စီးထွက်မသွားဘဲ တင်ကျန်တယ်။ စပါးပင်တွေ ပုပ်ကုန်တယ်။ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်တော့လည်း အခက်အခဲဖြစ်တယ်။ ခါတိုင်းဆိုရင် ကျွန်မတို့ရွာက စိုက်ပျိုးစရိတ် အချိန်မီပြန်ဆပ်တဲ့ရွာမှာ အဆင့်(၁)မှာ ရတာလေ။ အခုတော့ သတ်မှတ်တဲ့နောက်ဆုံးရက်ထက် အချိန်တွေအများကြီး ရှာကြဖွေကြနဲ့ တချို့ကျတော့လည်း ကျွဲ၊ နွားတွေ ရောင်းရနဲ့ တော်တော်လေးကို ဒုက္ခရောက်ကြပါတယ်” ဟု ဒေါ်ငြိမ်းခိုင်က ပြောကြားသည်။

Most Read

Most Recent