ဈေးကွက်အတွင်းရှိ ပဲများအား သတ်မှတ်ဈေးတစ်ခုဖြင့် ဝယ်ယူနိုင်ရေး ကျပ်ဘီလျံ ၁၀၀ မçတည်ရန် စီစဉ်လျက်ရှိပြီး လတ်တလော ရောင်းချလိုသူများ မတ်ပဲတစ်တန် ကျပ်ငါးသိန်း၊ ပဲစင်းငုံအနီတစ်တန် ကျပ်လေးသိန်းဖြင့် ဝယ်ယူမည်

ဈေးကွက်အတွင်းရှိ ပဲများအား သတ်မှတ်ဈေးတစ်ခုဖြင့် ဝယ်ယူနိုင်ရေး ကျပ်ဘီလျံ ၁၀၀ မçတည်ရန် စီစဉ်လျက်ရှိပြီး လတ်တလော ရောင်းချလိုသူများ မတ်ပဲတစ်တန် ကျပ်ငါးသိန်း၊ ပဲစင်းငုံအနီတစ်တန် ကျပ်လေးသိန်းဖြင့် ဝယ်ယူမည်
Published 31 August 2017

ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပဲပွဲရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ - ရှိုင်းလင်းအောင်)

ဈေးကွက်အတွင်းရှိ ပဲများအား သတ်မှတ်ဈေးတစ်ခုဖြင့် ဝယ်ယူနိုင်ရန် ကျပ်ဘီလျံ ၁၀၀ မတည်နိုင်ရန်စီစဉ်လျက်ရှိပြီး လတ်တလော ရောင်းချလိုသူများရှိပါက မတ်ပဲ FAQ (2017 Crop) တစ်တန်လျှင် ကျပ်ငါးသိန်း၊ ပဲစင်းငုံအနီ (2017 Crop) တစ်တန်လျှင် ကျပ်လေးသိန်းဖြင့် ဝယ်ယူပေးမည်ဖြစ်ကြောင်း သြဂုတ် ၂၉ နှင့် ၃၀ ရက်တို့တွင် ပြုလုပ်သော မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့၏ ညှိနှိုင်းအစည်းအဝေးအရ သိရသည်။

ပဲဈေးကွက်မပျက်ပြားစေရန်နှင့် အိန္ဒိယမဟုတ်သည့် အခြားဈေးကွက်များသို့ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ရောင်းချနိုင်ရန် သတ်မှတ်ဈေးတစ်ခုသတ်မှတ်၍ ဝယ်ယူနိုင်ရေးအတွက် ကျပ်ဘီလျံ ၁၀၀ မတည်၍ ပုဂ္ဂလိကပိုင်းနှင့် နိုင်ငံတော်အပိုင်းမှ တစ်ဝက်စီ တင်ပြတောင်းခံရန်နှင့် စုဆောင်းဝယ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရဘက်မှ ကျပ် ၅၀ ဘီလျံအား ဆုံးရှုံးမှုရှိပါက အသင်းတာဝန်ရှိသူများမှ စိုက်လျော်ပေးမည်ဖြစ်ကြောင်း တာဝန်ခံ၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနထံ အကျိုးအကြောင်း ဖော်ပြတောင်းခံမည်ဖြစ်သည်။ အသင်းဝင်များဦး ဆောင်ဖွဲ့စည်းထားသည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် လီမိတက် (MAGDPL) နှင့် ပဲမျိုး စုံလုပ်ငန်းရှင်များမှ ကျပ်ဘီလျံ ၅၀ ထည့်ဝင်မည်ဖြစ်ပြီး ထည့်ဝင်လိုသည့်အသင်းဝင်များ အဆိုပြုနိုင်ကြောင်း သိရသည်။

ထို့ပြင်အစည်းအဝေးတွင် ပဲဈေးနှုန်း တည်ငြိမ်စေရေးအတွက် ထည့်ဝင်ထားသူများထဲမှ သင့်တော်ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန်၊ မတ်ပဲ FAQ (2017 Crop) တစ်တန်လျှင် ကျပ်ငါးသိန်း၊ ပဲစင်းငုံအနီ (2017 Crop) တစ်တန်လျှင် ကျပ်လေးသိန်းဖြင့် ရောင်းလိုသူများရှိပါက ဝယ်ယူပေးရန် (ကုန်စည်ဒိုင်တွင် သတ်မှတ်ထားသည့် ပြည်ပသို့ အသင့်တင်ပို့နိုင်သည့် အရည်အသွေးရှိရမည်)၊ ဝယ်ယူပြီးသည့် ပစ္စည်းများအား စနစ်တကျရွှေ့ပြောင်း သိုလှောင်ထိန်းသိမ်းခြင်းအား တာဝန်ခံဆောင်ရွက်မည့် အဖွဲ့ဖွဲ့၍ ဆောင်ရွက်ရန်၊ အရှုံးအမြတ်များကို စာရင်းပိတ်ပြီးချိန်တွင် MAGDPL မှ အခွန်ဆောင်ပြီးကျန်သည့် အရှုံးအမြတ်အား မတည်ငွေထည့် ဝင်ထားသူများအား ထည့်ဝင်ထားသည် ငွေပမာဏအလိုက် အချိုးကျခွဲဝေရန်တို့ကိုလည်း ဆုံးဖြတ်ခဲ့သည်။

“ပဲဈေးတွေ အလွန်အကျွံမကျအောင် အခုလို မတည်ပြီးဝယ်ယူပေးမယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ မတ်ပဲတစ်တန်ငါးသိန်း၊ ပဲစင်းငုံတစ်တန် လေးသိန်းဆိုတာကတော့ ကုန်သည်အတွက် သိပ်အဆင်မပြေပါဘူး၊ တစ်တန်ကို လေးငါးခြောက်သိန်းရှုံးနေတာ ဖြစ်ပါတယ် ” ဟု ပဲကုန်သည်တစ်ဦးက ဆိုသည်။

ထို့ပြင် အိန္ဒိယ၏ ပဲတင်သွင်းခွင့်ကန့် သတ်ချက်ကို ပြန်လည်ညှိနှိုင်းရန်အတွက် ဦးစားပေးတောင်းဆိုမည့် အချက်များကိုလည်း ယင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ အိန္ဒိယအစိုးရနှင့် ညှိနှိုင်းရာတွင် ပဲသုံးမျိုးအား ကန့်သတ်ကုန်စည်အဖြစ် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ သတ်မှတ်ခြင်းအား ဖယ်ရှားပေးရေး ပထမဦးပေးအဖြစ် တောင်းဆိုပေးရန်၊ ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ပဲစင်းငုံတန်ချိန် နှစ်သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် သုံးသိန်း Fixed Quota သတ်မှတ်ထားခြင်းအား မြန်မာနိုင်ငံအတွက် နောက်ထပ် ပဲစင်းငုံတန်ချိန် နှစ်သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် သုံးသိန်းထပ်တိုး တင်သွင်းခွင့်ပြုနိုင်ရေးအတွက် ဒုတိယဦးစားပေးအဖြစ် တောင်းဆိုပေးရန် တင်ပြထားသည်။

ထို့အတူ အိန္ဒိယ၏ အနိမ့်ဆုံးဈေးနှုန်း (MSP) ဖြစ်သာ ပဲစင်းငုံတစ်  Quintal လျှင် ၅၂၅၀ ရူပီး၊ မတ်ပဲ တစ် Quintal လျှင် ၅၀၀၀ ရူပီးဖြင့် ဝယ်ယူမည်ဟု ကမ်းလှမ်းပါက ဝယ်ယူလိုသည့် တန်ချိန်အား ရောင်းချပေးနိုင်ရန်အတွက် ရက်သတ္တပတ်အတွင်း  ရောင်းချလိုသည့် အသင်းဝင်များစာရင်းပြုစု၍ အသင်းမှ ဦးဆောင်ညှိနှိုင်းရန်အချက်ကို တတိယဦးစားပေးအဖြစ် သတ်မှတ်ခဲ့ကာ အိန္ဒိယအစိုးရမှ ကန့်သတ်ကုန်စည်အဖြစ် မဖယ်ရှားပေးနိုင်ဘဲ MoU သာထိုးမည်ဆိုပါက နှစ်ဖက်စလုံးသဘောတူသည့် မျှတပြီး လက်တွေ့ ဆောင်ရွက်နိုင်မည့် စည်းကမ်းချက်များအား ညှိနှိုင်းပြီးမှ MoU ရေးထိုးရန် အချက်ကို စတုတ္ထဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Most Read

Most Recent