<

ဆံပင်ပုံစံနှင့် ပတ်သက်ပြီး ဝေဖန်နေကြခြင်းကို အလိုမရှိကြောင်း ပေါ့ဘာ ဆို

Photo: Getty Images

မန်ယူကွင်းလယ်လူ ပေါ့ဘာက ၄င်း၏ ဆံပင်ပုံစံနှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုနေမှုများကို မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။

ပေါ့ဘာသည် ဆံပင်ပုံစံကို မကြာခဏဆိုသလို အပြောင်းအလဲပြုလုပ်လေ့ရှိသဖြင့် မီဒီယာများနှင့် ပရိသတ်များ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။

ပေါ့ဘာက ယင်းကဲ့သို့ ဝေဖန်နေမှုများကို မလိုချင်ကြောင်းနှင့် ၄င်း၏ ကွင်းအတွင်းခြေစွမ်းကိုသာ အကဲဖြတ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ပေါ့ဘာက ” ကျွန်တော့်ရဲ့ဆံပင်ပုံစံနှင့် ပတ်သက်ပြီး မပြောဆိုဖို့ မီဒီယာတွေကို ကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ဆံပင်ပုံစံကို ကြည့်ပြီးပြောဆိုနေကြတာတွေကို ကျွန်တော်မကြားချင်တော့ပါဘူး။ ကျွန်တော်ဟာ ဘောလုံးပွဲတွေအပေါ်မှာပဲ အာရုံစိုက်နေတာပါ။ ဒီတော့ ကျွန်တော်တို့ ဘောလုံးအကြောင်း၊ ကွင်းအတွင်းကအကြောင်း၊ ခြေစွမ်းအကြောင်းတွေကိုပဲ ပြောကြရအောင်ပါ။ လူတွေက ကျွန်တော့်ကို ခေါင်းဆောင်တစ်ယောက်လို့ပြောနေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ခေါင်းဆောင်ဖြစ်တယ်လို့ ဘယ်တုန်းကမှမပြောခဲ့ဖူးပါဘူး။ ကျွန်တော့်အနေနဲ့ ဘယ်လိုလူလဲဆိုတာကို ကွင်းအတွင်းမှာပဲ သက်သေပြသွားမှာပါ” ဟုပြောကြားခဲ့သည်။

Photo: Getty Images

ပေါ့ဘာသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားတွင် ခရိုအေးရှားအသင်းအား (၄-၂)ဂိုးဖြင့်  အနိုင်ရခဲ့သည့် ဗိုလ်လုပွဲစဉ် မကစားမီ အသင်းဖော်များကို အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။ ယင်းအပြုအမူမှာ မီဒီယာများ၏ ချီးကျူးမှုကို ခံခဲ့ရပြီး အနာဂတ်တွင်လည်း လိုအပ်ပါက ယင်းကဲ့သို့ အပြုအမူမျိုး ထပ်မံပြုလုပ်သွားမည်ဟု ပေါ့ဘာက ဆိုခဲ့သည်။

ပေါ့ဘာက ” ကျွန်တော်ဟာ ရယ်ရမယ့်အချိန်မှာရယ်ပြီး၊ တစ်ခါတလေကျရင် ကျွန်တော်ဟာ နောက်ပြောင်နေတတ်သလို ကရတာကိုလည်း နှစ်သက်ပါတယ်။ ဘ၀ကို ပျော်ပျော်ပဲ ကျွန်တော်ဖြတ်သန်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့အလေးအနက်ထားရမယ့်အရာဆိုရင်တော့ အလေးအနက်ထားပါတယ်။ ကမ္ဘာ့ဖလားမှာ အဲဒီလိုပြောဖြစ်ခဲ့တာက အသင်းဖော်တွေကို ကူညီချင်လို့ပါ။ ကမ္ဘာ့ဖလားဟာ အရေးကြီးတဲ့ ပြိုင်ပွဲပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရင့်ကျက်တည်ငြိမ်မှုကို ပြသဖို့လိုပါတယ်” ဟုပြောကြားခဲ့သည်။

 

September 12, 2018














Copy Protected by Chetan's WP-Copyprotect.