<

မော်ရီနိုနှင့် မွန်ရီယဲလ်တို့အား ခေါ်ယူရန် ဘာစီလိုနာအသင်း စောင့်ကြည့်နေ

Photo: Daily Mail

ဘာစီလိုနာအသင်းသည် လီဗာပူးလ်နောက်ခံလူ မော်ရီနိုနှင့် အာဆင်နယ်နောက်ခံလူ မွန်ရီယဲလ်တို့ကို ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် နောက်ခံလူ ဒစ်ဂ်နေးကို အဲဗာတန်အသင်းသို့ ရောင်းချလိုက်ပြီးနောက် ဘယ်နောက်ခံနေရာတွင် ယော်ဒီအယ်လ်ဘာ တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီသည် စပိန်ဘယ်နောက်ခံလူများဖြစ်သော မော်ရီနိုနှင့် မွန်ရီယဲလ်တို့ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

အဆိုပါ နောက်ခံလူ(၂)ဦးစလုံးမှာ ယခုရာသီအကုန်တွင် သက်ဆိုင်ရာကလပ်များနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်ရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည်။

အသက် (၃၂)နှစ်အရွယ်ရှိ မွန်ရီယဲလ်သည် ၂၀၁၃ ခုနှစ်တွင် အာဆင်နယ်အသင်းသို့ ရောက်ရှိလာခဲ့ပြီး အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရနေသူ ဖြစ်သည်။ ၎င်းသည် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၁၅)ပွဲတွင် (၁၀)ဂိုး သွင်းယူပေးထားသည်။

အသက် (၂၆)နှစ်အရွယ်ရှိ မော်ရီနိုသည် ၂၀၁၄ ခုနှစ်တွင် ဆီဗီလာအသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၁၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ မော်ရီနိုသည် နည်းပြ ရော်ဂျာလက်ထက် ပုံမှန်ပွဲထွက်ခွင့်ရခဲ့သော်လည်း ယာဂန်ကလော့ပ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူ ဖြစ်သည်။

လီဗာပူးလ်အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၃၃)ပွဲကစားပြီး (၃)ဂိုး သွင်းယူပေးထားသည့် မော်ရီနိုသည် ယခုရာသီတွင် စကော့တလန်အသင်းခေါင်းဆောင် ရောဘတ်ဆန်နောက်မှသာ ပွဲထွက်ခွင့်ရနေသူလည်း ဖြစ်သည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် ယခုရာသီအကုန်တွင် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဘရာဇီးလ်ဝါရင့်နောက်ခံလူ ဖိလစ်ပီလူးဝစ် (၃၃ နှစ်)ကိုလည်း စောင့်ကြည့်နေကြောင်း သိရသည်။

ဖိလစ်ပီလူးဝစ်သည် အက်သလက်တီကိုမက်ဒရစ်အသင်းတွင် ပြင်သစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်နောက်တွင် ပွဲထွက်နေရခြင်းကို စိတ်ပျက်နေပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလမပိတ်မီက အသင်းမှ ထွက်ခွာရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

September 12, 2018














Copy Protected by Chetan's WP-Copyprotect.