ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အလွန်ခက်ခဲသည်ဟု ကီတာ ပြောကြား

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အလွန်ခက်ခဲသည်ဟု ကီတာ ပြောကြား
Published 12 September 2018

Photo: Getty Images

လီဗာပူးလ်ကွင်းလယ်လူ ကီတာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အလွန်ခက်ခဲကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ ဂီနီကွင်းလယ်လူ ကီတာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် လိုက်ပ်ဇစ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးတွင် ရာနှုန်းပြည့်အနိုင်ရထားသော လီဗာပူးလ်အသင်းအတွက် (၃)ပွဲ ပါဝင်ကစားထားသည်။

ကီတာသည် ပြင်သစ်၊ သြစတြီးယားနှင့် ဂျာမနီစသည့် နိုင်ငံများရှိ လိဂ်ပြိုင်ပွဲများတွင် ကစားဖူးပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အလွန်ခက်ခဲကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကီတာက "ပရီးမီးယားလိဂ်ပြိုင်ပွဲကို အလွန်ခက်ခဲတဲ့လိဂ်ပြိုင်ပွဲလို့ ပြောမှ တရားမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဒီပြိုင်ပွဲမှာ ကစားရတာကို ကြိုက်ပါတယ်။ ပြီးတော့ အသင်းက လူတွေကလည်း ကျွန်တော့်ကို အရမ်းကူညီပေးကြတယ်။ ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်မှာ အသားကျအောင် အလျင်အမြန်ကြိုးစားပြီး အသင်းကို ပြန်လည်ပေးဆပ်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

ကီတာသည် လီဗာပူးလ်အသင်းတွင် ဂိုးသွင်းနိုင်ခြင်းမရှိသော်လည်း ခြေစွမ်းပြကစားနေသူ ဖြစ်ပြီး အင်္ဂလိပ်မီဒီယာများ၏ ချီးကျူးမှုကို ခံနေရသည်။ ကီတာသည် လာမည့် စနေနေ့တွင် ဝင်ဘလေကွင်းကစားမည့် စပါးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရန် မျှော်လင့်နေကြောင်း သိရသည်။

ထို့ပြင် ကီတာက လီဗာပူးလ်အသင်း၏ ကွင်းလယ်တွင် ဖာဘင်ညို၊ ဟန်ဒါဆန်၊ ရှာကီရီ၊ ဝိုင်နယ်လ်ဒမ်း၊ လယ်လာနာ၊ ချိန်ဘာလိန်၊ ဂျိမ်းစ်မီလ်နာ စသည့် ကစားသမားများရှိနေသည့်အတွက် ပွဲထွက်ခွင့်ရရန် ယှဉ်ပြိုင်ရသည့်အပေါ်တွင်လည်း နှစ်သက်ကြောင်း ပြောကြားခဲ့သည်။

၎င်းက "ကွင်းလယ်မှာ ကစားသမားကောင်းတွေများတာကြောင့် ပွဲထွက်ခွင့်ရဖို့ ယှဉ်ပြိုင်ရပါတယ်။ ဒါဟာ အသင်းအတွက် တကယ်ကိုကောင်းတဲ့ ကိစ္စပါ။ ကစားသမားကို ရွေးချယ်တာကတော့ နည်းပြပါ။ နည်းပြက ပွဲစဉ်တစ်ပွဲချင်းစီမှာ သင့်တော်တဲ့ ကစားသမားတွေကို ရွေးချယ်မှာပါ။ ဒါကပဲ ကစားသမားတွေဆီက အကောင်းဆုံးစွမ်းဆောင်မှုတွေကို ရရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent