တတိယမြောက် ဥရောပကလပ်အသင်းပြိုင်ပွဲကို UEFA ကျင်းပမည်

တတိယမြောက် ဥရောပကလပ်အသင်းပြိုင်ပွဲကို UEFA ကျင်းပမည်
Published 12 September 2018

Photo: Getty Images

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် တတိယမြောက် ဥရောပကလပ်အသင်းပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ဥရောပကလပ်အဖွဲ့အစည်း (ECA) ဥက္ကဋ္ဌဖြစ်သူ အန်ဒရီယာအဂ္ဂါနယ်လီက အတည်ပြုပြောကြားခဲ့သည်။

စက်တင်ဘာ (၁၁)ရက်က ခရိုအေးရှားနိုင်ငံ၊ စပလစ်မြို့၌ ကျင်းပခဲ့သည့် ECA အထွေထွေအစည်းအဝေးတွင် UEFA ၏ ကလပ်အသင်း ပြိုင်ပွဲကော်မတီဝင်နှင့် ဂျူဗင်တပ်စ်အသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ အဂ္ဂါနယ်လီက ၂၀၂၁-၂၂ ရာသီမှစတင်ပြီး တတိယမြောက် ကလပ်အသင်းပြိုင်ပွဲကို ကျင်းပသွားရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

အဂ္ဂါနယ်လီက "၂၀၂၁-၂၂ ဘောလုံးရာသီက စတင်ပြီး ဥရောပကလပ်အသင်းပြိုင်ပွဲတွေမှာ တတိယမြောက်ပြိုင်ပွဲတစ်ခုကို ထည့်သွင်းကျင်းပဖို့ ECA အထွေထွေအစည်းအဝေးမှာ ကျွန်တော်တို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ လာမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီကစပြီး ဥရောပကလပ်အသင်းပြိုင်ပွဲ (၃)ခုမှာ အသင်းပေါင်း (၉၆)သင်း ပါဝင်ယှဉ်ပြိုင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

ယင်းမှာ UEFA ၏ Cup Winners' Cup ပြိုင်ပွဲကို ဖျက်သိမ်းပြီး ဆယ်စုနှစ်(၂)ခုအကြာတွင် ပြိုင်ပွဲအသစ်ကို ဖန်တီးခဲ့ခြင်းလည်းဖြစ်သည်။ Cup Winners' Cup ပြိုင်ပွဲကို ၁၉၉၉ ခုနှစ် ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ယခုကျင်းပမည့် ပြိုင်ပွဲမှာ မည်သို့မည်ပုံကျင်းပမည်ဆိုသည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။

Photo: UEFA via Getty Images

UEFA ၏ကလပ် အသင်းပြိုင်ပွဲ သုံးပွဲကို အသင်းပေါင်း (၉၆)သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ချန်ပီယံလိဂ်တွင် (၃၂)သင်း၊ ယူရိုပါလိဂ်တွင် (၃၂)သင်း၊ ပြိုင်ပွဲသစ်တွင် (၃၂)သင်းဖြင့်
ပြုလုပ်သွားရန်ရှိကာ ယူရိုပါလိဂ်အုပ်စုအဆင့်တွင် လက်ရှိယှဉ်ပြိုင်နေသည့် (၄၈)သင်းမှ (၃၂)သင်းသို့ လျှော့ချရဖွယ်ရှိနေသည်။

Most Read

Most Recent