အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် နိုင်ငံသားနှင့် နိုင်ငံခြားသားများ ဆိုက်ရောက်ကဒ်နှင့် ထွက်ခွာကဒ် ရေးသွင်းရခြင်းကို စက်တင်ဘာ ၁၂ ရက်မှစတင်ပြီး ကင်းလွတ်ခွင့်ပြုမည်

အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် နိုင်ငံသားနှင့် နိုင်ငံခြားသားများ ဆိုက်ရောက်ကဒ်နှင့် ထွက်ခွာကဒ် ရေးသွင်းရခြင်းကို စက်တင်ဘာ ၁၂ ရက်မှစတင်ပြီး ကင်းလွတ်ခွင့်ပြုမည်
Published 12 September 2018

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ- နေဝန်းထက်)

ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာစေရန်နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နိုင်ငံသားနှင့် နိုင်ငံခြားသား ခရီးသည်များ ရေးသွင်းပေးအပ်ရသည့် ဆိုက်ရောက်ကဒ် (Arrival Card) နှင့် ထွက်ခွာကဒ် (Departure Card) ကို စက်တင်ဘာ ၁၂ ရက်မှစတင်၍ ကင်းလွတ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆိုက်ရောက်ကဒ်နှင့် ထွက်ခွာကဒ်များကို ဖြည့်စွက်ပေးအပ်ရန် မလိုကြောင်းနှင့် သက်ဆိုင်ရာ လေကြောင်းလိုင်းများ အနေဖြင့်လည်း လေယာဉ်ပေါ်၌ Immigration Form များကို ခရီးသည်များကို ဖြန့်ဝေရန် မလိုတော့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“နိုင်ငံခြားသားတွေ ဝင်လာရင် ဖောင်တွေဖြည့်စရာ မလိုတဲ့အတွက် ဝင်ထွက်ရတာ လွယ်သွားတာပေါ့။ တစ်ချို့နိုင်ငံတွေကိုလည်း ဗီဇာကြေးတွေ မကောက်တော့ဘူး။ အခမဲ့ပေးတာတို့တွေ လုပ်လာတယ်။ ထိုင်းမှာလဲ ဒီလိုမျိုးလုပ်တာဘဲ။ ဖြေလျှော့တာတွေ များရင်တော့ ဧည့်သည်အဝင်က တိုးတက်လာမှာဘဲ” ခရီးသွား သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Glenn Thurston Peters ကပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဆိုက်ရောက်ကဒ်နှင့် ထွက်ခွာကဒ်များ ကိုဖြည့်စွက်ခြင်းအား ကင်းလွတ်ခွင့် ပြုထားသောကြောင့် လေကြောင်းလိုင်းမှ ပေးပို့သော ခရီးသည်စာရင်းနှင့် အမှန်တကယ် ဝင်ရောက်ထွက်ခွာသည့် စာရင်းတို့အား ကိုက်ညီမှုရှိစေရန် သက်ဆိုင်ရာ လေကြောင်းလိုင်း အသီးသီးမှ တာဝန်ခံရမည် ဖြစ်ကြောင်းလည်း ပါရှိသည်။

“Digital ခေတ်မှာ ဒီလိုဘဲဖြစ်သင့်တယ်။ ဘာဘဲပြောပြော ဘောပင်မှင်ကုန် သက်သာတာပေါ့” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။

Most Read

Most Recent