<

ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ပြီးနောက် တရားစွဲဆိုမှုများတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ရေးသားမှုများကို တရားစွဲဆိုမှု ၅၄ ရာခိုင်နှုန်းရှိကြောင်း လှုပ်ရှားမှုအဖွဲ့အသံ (Athan) ၏ အစီရင်ခံစာတွင် ဖော်ပြ

ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ပြီးနောက် တရားစွဲဆိုမှုများတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ရေးသားမှုများအား တရားစွဲဆိုမှု ၅၄ ရာခိုင်နှုန်းရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့အသံ (Athan) ၏ ‘ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ခြင်း တစ်နှစ်ပြည့် အစီရင်ခံစာ’ တွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ကတော့ အစိုးရသစ် လက်ထက်မှာ ဥပဒေပြင်ပြီးနောက်ပိုင်း တရားစွဲခံရတဲ့ အမှု ၄၈ မှုအပေါ် အခြေခံပြီး ဆန်းစစ်ထားတာပါ။ အဲဒီအထဲမှာဆို အစီ ရင်ခံစာထဲမှာ ပါတဲ့အတိုင်း ၅၄ ရာခိုင်နှုန်း ဟာ လုံးဝ တရားမဆိုသင့်ဟာတွေလို့ ပြော လို့ရတယ်။ အဲဒါတွေက လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်အရ ရေးသားတာတွေလို့ပဲ ပြောလို့ရပါတယ်” ဟု အသံအဖွဲ့မှ ကိုဆောင်းခက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲမှု ၄၈ မှုကို ကဏ္ဍများခွဲ၍ လေ့လာရာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ရေးသားမှုများကို တရားစွဲဆိုမှု ၅၄ ရာခိုင်နှုန်း၊ ဆိုက်ဘာရာဇ၀တ်ဥပဒေဖြင့် တားမြစ်ရမည့် အပြုအမူများ ၂၅ ရာခိုင်နှုန်း၊ လူမှုရေးပြဿနာများ ၁၁ ရာခိုင်နှုန်းနှင့် အခြား (မသိရ) ၁၀ ရာခိုင်နှုန်းရှိပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားမြစ်ကန့်သတ်ပြီး တရားစွဲဆိုခြင်း အများဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်သွယ်ရေး ဥပဒေအား ပြင်ဆင်ရာတွင် ထင်ရှားသည့် ပြင်ဆင်ချက်အဖြစ် ယင်းဥပဒေပါ ပုဒ်မ ၆၆ (ဃ) ၏ ပြစ်မှုမြောက်စေသည့် အချက်များကို လျှော့ချခြင်း၊ ယင်းပုဒ်မပါ ပြစ်မှု၏ ပြစ်ဒဏ်ကို လျှော့ချခြင်းနှင့် ကြားလူက တရားစွဲဆိုမှု မပြုလုပ်နိုင်ရန် ထည့်သွင်းပြဋ္ဌာန်းခြင်း စသည့် ပြင်ဆင်ချက်သုံးရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာတွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေသက်တမ်း ငါးနှစ်ရှိပြီဖြစ်သော ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုပေါင်း ၁၅၀ ရှိလာပြီး ယခင်အစိုးရ လက်ထက်တွင် တရားစွဲဆိုမှု ၁၁ မှုရှိကာ လက်ရှိအစိုးရ လက်ထက်တွင် ဥပဒေ မပြင်ဆင်ခင်ကာလ၌ အမှု ၉၁ မှုနှင့် ဥပဒေပြင်ဆင်ပြီး နောက်တွင် တစ်နှစ်အတွင်း ၄၈ မှု ရှိခဲ့သည်။

ဥပဒေပြင်ဆင်ပြီးနောက် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုများကို အမျိုးအစားအလိုက် ရာခိုင်နှုန်းဖြင့် ဖော်ပြရာတွင်လည်း နိုင်ငံရေးဝေဖန်မှုများမှာ ၂၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေပြီး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ဝေဖန်ခြင်းမှာ ဒုတိယ အများဆုံးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အစီရင်ခံတွင် ဆက်သွယ်ရေး ဥပဒေပါ ပုဒ်မ ၆၆ (ဃ)၊ ၆၈ (က)၊ ပုဒ်မ ၇၇ နှင့် ပုဒ်မ ၇၈ တို့ကို အပြီးတိုင် ဖျက်သိမ်းသင့်ကြောင်း၊ ဆက်သွယ်ရေး ဥပဒေပါ ပုဒ်မ ၇၅ နှင့် ပုဒ်မ ၇၆ တို့ကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်ကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စံနှုန်းများနှင့် နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီသည့် ဆိုက်ဘာဥပဒေ ပေါ်ပေါက်လာရန် ဖော်ဆောင်သင့်ကြောင်းနှင့် နိုင်ငံခေါင်းဆောင်များ၊ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့အပေါ် ဝေဖန်ပြောကြားမှုများနှင့် စပ်လျဉ်း၍ ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုထားမှုများကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်း ပေးသင့်ကြောင်း အကြံပြု ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် ‘ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ’ အား ၂၀၁၇ ခုနှစ် သြဂုတ် ၂၉ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် ဖြစ်ပွားခဲ့သော တရားစွဲဆိုမှု ၄၈ မှု၏ အခြေအနေများအား လေ့လာ၍ ပြင်ဆင်သင့်သည်များကို အကြံပြုထားခြင်း ဖြစ်သည်။ အစီရင်ခံစာပါ အကြံပြုချက်များကို ဥပဒေပြင်ဆင်ချိန်တွင် ဖျက်သိမ်းရေးဘက်မှ ဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးနှင့် အခြားစိတ်ဝင်စားသည့် လွှတ်တော်ကိုယ်စားလှယ်များထံ ပေးပို့ပေးမည် ဖြစ်ကြောင်း ကိုဆောင်းခထံမှ သိရသည်။

 

September 11, 2018














Copy Protected by Chetan's WP-Copyprotect.