လုပ်ငန်းစီမံကိန်းများအတွက် ပြည်ထောင်စုအဆင့်များမှ တောင်းခံထားသည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်ဘီလျံ ၆၀၀၀ ကျော်အနက် ကျပ်ဘီလျံ ၁၉၀ ကျော် စိစစ်ဖြတ်တောက်၍ ပြည်ထောင်စုလွှတ်တော် အတည်ပြု

လုပ်ငန်းစီမံကိန်းများအတွက် ပြည်ထောင်စုအဆင့်များမှ တောင်းခံထားသည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်ဘီလျံ ၆၀၀၀ ကျော်အနက် ကျပ်ဘီလျံ ၁၉၀ ကျော် စိစစ်ဖြတ်တောက်၍ ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 12 September 2018

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအတွက် ပြည်ထောင်စုအဆင့်များမှ တောင်းခံထားသည့် ကျပ်ဘီလျံ ၆၀၀၀ ကျော် (ကျပ်သန်းပေါင်း ၆၅၀၃၉၅၅ ဒသမ ၇၅၄ သန်း) အနက် ကျပ်ဘီလျံ ၁၉၀ ကျော်(ကျပ်သန်းပေါင်း ၁၉၀၃၃၄ ဒသမ ၅၇၉ သန်း)ကို စိစစ်ဖြတ်တောက်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ စက်တင်ဘာ ၁၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်းအား ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် တစ်ပိုဒ်ချင်းစီ မဲခွဲဆုံးဖြတ်ကာအတည်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနောက်ဆက်တွဲ ဇယား-၂ ပါ နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှု လျာထားချက်များဖြစ်သည့် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲလုပ်ငန်း နှစ်ခုအတွက် တောင်းခံထားသည့် ကျပ် ၂၉၃၇၄၆ ဒသမ ၅၅၃ သန်းအား ကျပ် ၁၇၀၀ သန်း လျှော့ကာ ခွင့်ပြုခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းသစ် နှစ်ခုအတွက် တောင်းခံထားသည့် ကျပ် ၈၃၅ ဒသမ ၄၂၆ သန်း အနက် ကျပ် ၉၉ ဒသမ ၂၅၀သန်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ မူဝါဒရေးရာ ဦးစီးဌာနနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာနများအတွက် ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများ၊ ယာဉ်များဝယ်ယူရန် တင်ပြထားသည့် ကျပ် ၁၁၉ ဒသမ ၀၈၀ သန်းတောင်းခံထားသည့်အနက် ကျပ် ၇ ဒသမ ၀၄၀ သန်း လျှော့ချကာ ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ လုပ်ငန်းသစ် နှစ်ခုအတွက် ကျပ် ၂၂၈၉၈ ဒသမ ၄၈၀ သန်း တောင်းခံထားမှုအား ကျပ်သန်း ၁၂၈ ဒသမ ၃၉၀ သန်း လျှော့ချခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်း သစ်တစ်ခုအတွက် ကျပ် ၁၆၅ ဒသမ ၀၁၀ သန်းတောင်းခံထားမှုနှင့်ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ လုပ်ငန်းသစ် တစ်ခုအတွက် တောင်းခံထားသည့် ကျပ် ၁၄၈ ဒသမ ၅၀၀ သန်း တောင်းခံထားမှုများကို ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်ခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လုပ်ငန်း ၉၂ခုအတွက်တောင်းခံထားသည့် ကျပ် ၄၀၇၃၅၇ ဒသမ ၀၂၄ သန်း အနက် ကျပ် ၂၂၅၈၉ ဒသမ ၅၇၅ သန်း လျှော့ ချခွင့်ပြုခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဆောင်ရွက်ဆဲလုပ်ငန်းတစ်ခု အတွက် ကျပ် ၃၇၇၆၁ ဒသမ ၉၁၀ သန်း အနက် ကျပ်သုံးသန်း လျှော့ချခဲ့ပြီး ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန အထက်ရဲရွာရေအားလျှပ် စစ်စီမံကိန်းအတွက် တောင်းခံထားသည့် ကျပ် ၃၇၆၆၈ ဒသမ ၃၃၀ သန်း တောင်းခံထားမှုအား သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်က ကျပ် ၃၂၀၁၇ ဒသမ ၅၁၃ သန်း လျှော့ချခွင့်ပြုရန် ဆွေးနွေးခဲ့သော်လည်း မဲခွဲဆုံးဖြတ်ကာ မူလတောင်းခံထားသည့်အတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများ၊ ယာဉ်များ ဝယ်ယူရန် စသည် ဖြင့် လုပ်ငန်း ၂၅ ခုအတွက် တောင်းခံထားသည့် ကျပ် ၂၅၄၇၃ ဒသမ ၃၂၃ သန်း အနက် ကျပ် ၃၄၈ ဒသမ ၇၁၃ သန်း လျှော့ချကာ အတည်ပြုခဲ့သည်။

စက်မှုဝန်ကြီးဌာန ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရုံးသုံးစက် ကိရိယာများ၊ ပရိဘောဂများ၊ ယာဉ်များဝယ်ယူရန်စသည်ဖြင့် လုပ်ငန်းပေါင်း ၁၂၃ ခုအတွက် တောင်းခံထားသည့် ကျပ် ၆၂၃၀၃ ဒသမ ၇၂၉ သန်းအနက် ကျပ် ၄၃၂၄၀ ဒသမ ၂၅၅ သန်း လျှော့ချခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းသစ်များ၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများ၊ ယာဉ်များဝယ်ယူရန် စသည်ဖြင့် တောင်းခံထားသည့် ကျပ် ၂၉၃၀၀ ဒသမ ၉၉၆ သန်းအနက် ကျပ် ၁၀၂၁၂ ဒသမ ၅၀၄ သန်း လျှော့ချခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းသစ်များ၊ ရုံးသုံး စက်ကိရိယာများ၊ ပရိဘောဂများ၊ ယာဉ်များဝယ်ယူရန်စသည်ဖြင့် တောင်းခံထားသည့် ကျပ် ၃၃၇၁၂၈ ဒသမ ၃၃၄ သန်းအနက် ကျပ် ၄၅၉၅၃ ဒသမ ၈၉၅ သန်း လျှော့ချကာခွင့်ပြုခဲ့ကြောင်း၊ နေပြည်တော်ကောင်စီမှ ဆောင်ရွက်ဆဲလုပ်ငန်း ၁၅ ခုအတွက် တောင်းခံထားသည့် ကျပ် ၂၄၈၁၄ ဒသမ ၉၈၃ သန်းအနက် ကျပ် ၄၅၈၆ ဒသမ ၇၀၉ သန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းသစ်များ၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများ၊ ယာဉ်များ ဝယ်ယူရန်စသည်ဖြင့် တောင်းခံထားသည့် ကျပ် ၅၄၇၂ ဒသမ ၃၂၃ သန်းအနက် ကျပ် ၂၈၄၁ ဒသမ ၅၂၆ သန်း လျှော့ချကာ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးများအပြင် ပြင်ဆင်ချက် တင်သွင်းခြင်းမရှိသည့် ဌာနအဖွဲ့စည်းအသီးသီး၏ စီမံကိန်းလုပ်ငန်းများသည် မူလအဆို ပြုချက်အတိုင်း ယခုဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent