မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သရေခေတ္တရာ ရှေးဟောင်းဇုန် အတွင်းရှိ လမ်းအချို့ ပျက်စီးမှုအား ပြန်လည်ပြုပြင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သရေခေတ္တရာ ရှေးဟောင်းဇုန် အတွင်းရှိ လမ်းအချို့ ပျက်စီးမှုအား ပြန်လည်ပြုပြင်
Published 12 September 2018

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သရေခေတ္တရာ ရှေးဟောင်းဇုန် အတွင်းရှိ လမ်းအချို့ ပျက်စီးခဲ့မှုအား မူလပုံစံ မပျက်စေဘဲ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါလမ်းများ ပြင်ဆင်ခြင်းကို စက်တင်ဘာ လဆန်းပိုင်းအတွင်း ပြုလုပ်နေခြင်းဖြစ်ပြီး ရှေးဟောင်းဇုန် အတွင်းရှိ ရဟန္တာကန် အတက်နေရာ၊ မိဖုရားသချုႋင်းနှင့် ကုန်းအမှတ် (၅၃) ပျူအရိုးအိုးသချုႋင်းသို့ သွားရောက် နေရာများတွင် ဌာနရှိ အမျိုးသားများ စုစည်းကာ ကိုယ်ထူကိုယ်ထ လမ်းပြင်နေမှုများကို ပြုလုပ်နေကြောင်း သိရသည်။

“ဒီနှစ်အတွင်းမှာ မိုးတွေတစ်အားကြီးတဲ့ အတွက်ကြောင့် လမ်းတွေပျက်တာရှိတယ်။ ကျွန်တော်တို့ ဇုန်ပတ်လမ်းတွေ ပျက်စီးမှုမှာ ဘတ်ဂျက်ကလည်း မရှိတော့ ဌာနက အမျိုးသားတွေစုပြီး လမ်းပြင်တာတွေကို ပြုလုပ်နေပါတယ်။ ပျက်စီးနေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ နေပြည်တော်ကို တင်ပြထားတယ်” ဟု ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

ယင်းရှေးဟောင်းဇုန် အတွင်းသို့ ကားကြီးများ ဝင်ရောက်ခြင်းကို တားမြစ်ထားပြီး  ယာဉ်ငယ်အချို့နှင့် မော်တော်ဆိုင်ကယ်များသာ ဝင်ရောက်ခွင့်ပြုထားပြီး လက်ရှိတွင် ခွင့်ပြုထားသည့်ယာဉ်များ ဝင်ထွက်ရန်ပင် လမ်းများမှာ ဆိုးရွားနေကြောင်း ဒေသခံများထံက သိရသည်။

“ဒေသတွင်း ဆိုင်ကယ်ကားလေးတွေ သွားနေတာက ပြဿနာမရှိဘူး။ တစ်ခါတလေကျတော့ ဖောကားလိုမျိုး ကားကြီးတွေ လာတတ်တယ်။ မြေသယ်ကားတွေ လာတတ်တယ်။ ဒါမျိုးဆိုပျက်ရော မိုးကဒီနှစ်ကောင်းတော့ မြေသားလမ်းလည်းဖြစ် ကားကြီးတွေကလည်း မောင်းတော့ အကုန်ယက်ထုတ် လိုက်သလို ဖြစ်သွားတယ်။ အခုကတော့ တချို့နေရာတွေက ဆိုင်ကယ်ဘီး တစ်နေရာရှောင်ဖို့တောင် မလွယ်တဲ့ နေရာတွေလည်း ရှိနေပါတယ်” ဟု ဒေသခံဦးမျိုးက ပြောကြားခဲ့သည်။

 

Most Read

Most Recent