ပခုက္ကူ သီးနှံဈေးကွက်အတွင်း နှမ်းမျိုးစုံမှာ ပြည်တွင်းနှင့် တရုတ်ဝယ်လက် များနေခြင်းကြောင့် ဈေးနှုန်းစံချိန်တင် မြင့်တက်နေပြီး နှမ်းနက်တစ်တင်း ကျပ် ၆၀၀၀၀ အထက် ပေါက်ဈေးရှိ

ပခုက္ကူ သီးနှံဈေးကွက်အတွင်း နှမ်းမျိုးစုံမှာ ပြည်တွင်းနှင့် တရုတ်ဝယ်လက် များနေခြင်းကြောင့် ဈေးနှုန်းစံချိန်တင် မြင့်တက်နေပြီး နှမ်းနက်တစ်တင်း ကျပ် ၆၀၀၀၀ အထက် ပေါက်ဈေးရှိ
Published 12 September 2018

ပခုက္ကူမြို့နယ်တွင်းရှိ နှမ်းစိုက်ခင်းတစ်ခုတွင် တောင်သူများ နှမ်းရိတ်သိမ်းနေစဉ်

ပခုက္ကူ သီးနှံဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိသည့် နှမ်းမျိုးစုံမှာ ပြည်တွင်းဝယ်လက်နှင့် တရုတ်ဝယ်လက်များ ဝယ်ယူမှု များပြားနေခြင်းကြောင့် ဈေးနှုန်းမြင့်တက်နေပြီး နှမ်းနက်တစ်တင်းကျပ် ၆၀၀၀၀ အထက် ပေါက်ဈေးရှိကြောင်း သိရသည်။

ယောဒေသမှ ထွက်ရှိသည့် နှမ်းနက် (စမှုံနက်) မှာ ပခုက္ကူဈေးကွက်အတွင်း ယခုစက်တင်ဘာမှစ၍ ဝင်ရောက်လာပြီး တရုတ်ဝယ်လက်များ ဝယ်ယူမှု များပြားနေခြင်းကြောင့် တစ်တင်းလျှင် အနိမ့်ဆုံး ကျပ် ၆၂၀၀၀ မှ အမြင့်ဆုံး ကျပ် ၆၉၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ပခုက္ကူဈေးကွက်အတွင်း ပြီးခဲ့သည့် သြဂုတ်လမှစတင် ဝင်ရောက်လာသည့် နှမ်းညို၊ နှမ်းဝါများမှာ ပြည်တွင်း နှမ်းလှော်လုပ်ငန်းများမှ ဝယ်ယူမှု မြင့်တက်လာခြင်းကြောင့် တစ်တင်းလျှင်ကျပ် ၄၀၀၀၀ အထက် ပေါက်ဈေးရှိပြီး နှမ်းညိုတစ်တင်း ၄၇၀၀၀ ကျပ်နှင့် နှမ်းဝါ တစ်တင်း ကျပ် ၅၀၃၀၀ ပေါက်ဈေး ရှိကြောင်း စက်တင်ဘာ ၁၁ ရက် ဈေးကွက်အရ သိရသည်။

“နှမ်းညို၊ နှမ်းဝါနဲ့ နှမ်းဖြူတွေကတော့ ပြည်တွင်းလုပ်ငန်းသုံးတွေ များပါတယ်။ သူတို့ဝယ်လက် များတာကြောင့် ဈေးတက်တာဖြစ်သလို ဒီနှစ် အထွက်နှုန်း လျော့တော့ အပြိုင်ဝယ်ကြတာကြောင့်လည်း တက်တာပါပါတယ်။ နှမ်းနက် ယောဒေသထွက်တွေကတော့ ခုမှဈေးကွက်ကို စဝင်ပေမဲ့ တရုတ်ဝယ်လိုအား ကောင်းတာကြောင့် ဈေးလည်းကောင်းပါတယ်။ နှမ်းကာလာစုံ နေ့စဉ် အိတ် ရေ ၅၀၀ ကနေ ၁၀၀၀ ကြားလောက် ဝင်မယ်လို့တော့ မှန်းပါတယ်။ လက်ရှိဖြစ်နေတဲ့ ဈေးအခြေအနေအရ တောင်သူတွေ အဆင်ပြေမှာပါ” ဟု ပခုက္ကူမြို့မှ သီးနှံရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုမျိုးအေးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှမ်းသစ်ပေါ်ချိန်တွင် နှမ်းမျိုးစုံဈေးနှုန်း ကျဆင်းခဲ့ပြီး နှမ်းညို၊ နှမ်းဝါ တစ်တင်းကျပ် ၃၀၀၀၀ အောက်နှင့် နှမ်းနက်တစ်တင်း ကျပ် ၄၀၀၀၀ ဝန်းကျင်ဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ်မှသာ နှမ်းဈေးနှုန်း ကောင်းမွန်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် နှမ်းစိုက်တောင်သူများမှာ သီးနှံပွင့်ဖူးချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှမ်းစိုက်ခင်းများ ပျက်စီးမှု ကြုံတွေ့ရသည့်အတွက် အထွက်နှုန်း လျော့ကျမှု ကြုံတွေ့နေပြီး နှမ်းညိုသစ်ဈေးနှုန်း မြင့်တက်နေသော်လည်း အကျိုးအမြတ်ခံစားရမှု နည်းပါးနိုင်ကြောင်း သိရသည်။

“ဒီနှစ် နှမ်းပွင့်ချိန်မှာ မိုးက ရက်ရှည် သည်းသည်းမည်းမည်း ရွာလိုက်တဲ့အတွက် ပျက်စီးမှုတွေများတယ်။ အပွင့်တွေ ကြွေကျတယ်။ အပင်တွေ ရေပိပြီး လဲကုန်တယ်။ ရက်ရှည် မိုးအုံတဲ့အတွက် ပိုးကျတာတွေလည်း ကြုံရတယ်။ လက်ရှိ ရိတ်သိမ်းခြွေလှေ့ပြီး သမျှတော့ ပုံမှန်အထွက်နှုန်းရဲ့ ထက်ဝက်အောက်အထိ လျော့ပါတယ်။ လက်ရှိဈေးနှုန်း တစ်တင်း ၄၀၀၀၀ ကျော်ကတော့ ဈေးကောင်းတယ်။ မနှစ်က တစ်တင်းမှ ၂၈၀၀၀ ကျပ်လောက်ပဲရှိတယ်” ဟု မြိုင်မြို့နယ် တောရွာမှ တောင်သူကိုစိုးဝင်းကျော်က ဆိုသည်။

ပခုက္ကူနယ်တစ်ဝိုက် ရာသီဥတု ပြောင်းလဲမှုအား တစ်နှစ်ထက် တစ်နှစ် ပိုမိုကြုံတွေ့လာသည့်အတွက် အချို့သော တောင်သူများမှာ မိုးဦးသီးနှံများအား စိုက်ပျိုးခြင်း မပြုတော့ဘဲ မိုးလယ်မိုးနှောင်း ကာလမှသာ နှမ်းရင်းနှင့် မြေပဲတို့အား စိုက်ပျိုးကြောင်း သိရသည်။