မြန်မာ-တရုတ် ကုန်စည်ပို့ဆောင်နေသည့် ယာဉ်ပိုင်ရှင်များ သွင်းကုန်၊ ပို့ကုန်နည်းနေခြင်းကြောင့် အခက်တွေ့

မြန်မာ-တရုတ် ကုန်စည်ပို့ဆောင်နေသည့် ယာဉ်ပိုင်ရှင်များ သွင်းကုန်၊ ပို့ကုန်နည်းနေခြင်းကြောင့် အခက်တွေ့
Published 12 September 2018

သြဂုတ် ၃၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တရုတ်-မြန်မာနယ်စပ်မှ စီးဆင်းလာသည့် နန့်စလီးချောင်းမှာ ရုတ်တရက် ရေမြင့်တက်လာခဲ့ကာ ဗန်းမော်မြို့အထွက် ကားလမ်း သုံးပေခန့်အထိ ရေကျော်ခဲ့စဉ်

မြန်မာ-တရုတ် ကုန်ပို့ဆောင်နေသည့် မော်တော်ယာဉ်ပိုင်ရှင်များ သွင်းကုန်၊ ပို့ကုန် နည်းပါးခြင်းကြောင့် အခက်တွေ့နေကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားသည်။

ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် တရားဝင်လမ်းကြောင်းမှာ မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုင်တည် လမ်းကြောင်းနှင့် ဗန်းမော်-မိုးမောက်- လွယ်ဂျယ် လမ်းပိုင်းတို့ဖြစ်ပြီး ဗန်းမော်-မိုး မောက် လွယ်ဂျယ် လမ်းပိုင်းမှာ လမ်းပိုင်းပျက်စီးမှုကြောင့် ၁၀ ဘီးအထက်ယာဉ်များကို ခွင့်ပြုချက် မရသောကြောင့် ရပ်နားထားရကြောင်း သိရသည်။

မြစ်ကြီးနား-ကန်ပိုင်တည် လမ်းကြောင်းတွင် ကုန်တင်ယာဉ်ရှစ်စီးဖြင့် ပြေးဆွဲနေသည့် ကုန်သည်ဒေါ်တူးက “ကားလုပ်ငန်းတွေ ဒီလမ်းပိုင်းမှာ ရပ်နားရတာက သုံးလကျော်သွားပြီ။ အဓိက,က အရင်နှစ်တွေက သွင်းကုန်တွေထဲမှာ ဘိလပ်မြေတွေကို တစ်လအစီး ၁၀၀ လောက်တင်ရတယ်။ ဒီကထွက်တော့ ပြောင်း၊ ဆန်ပေါ့။ အခုက ဘိလပ်မြေတွေက တရုတ်ဘက်က မဝင်တော့ဘူး။ မြန်မာဘက်က အလုံအလောက် ထွက်နေပြီ။ ဒီကထွက်ကုန်ဖြစ်တဲ့ ပြောင်းကျတော့ ငှက်ပျောခင်းတွေ ဖြစ်ကုန်တယ်။ စပါးကျတော့ မထွက်သေးဘူး။ ကန်ပိုင်တည်ဘက်ထွက်တဲ့ ကုန်ကားလုပ်ငန်းရှင်တွေအားလုံး ဒုက္ခရောက်နေကြတယ်။ တရုတ်နိုင်ငံက ဒီမှာလာစိုက်တဲ့ ငှက်ပျောခင်းတွေကလည်း တရုတ်နိုင်ငံကနေ တိုက်ရိုက်တွေချည်း ဝင်နေတော့ ဒီကဘာမှ ဝင်လို့မရဘူး။ အစိုးရအဖွဲ့ကလည်း ဒီပြဿနာတွေကို တင်ပြပေမယ့် ဘာမှမလုပ်ပေးနိုင်ဘူး။ ကျွန်မတို့ အခုဆွေးနွေး နေကြတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်မှ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် ဗန်းမော်-မိုးမောက်-လွယ်ဂျယ် လမ်းပိုင်းပျက်စီးနေမှုကြောင့် ၁၀ ဘီးနှင့် အထက်ယာဉ်များ သြဂုတ် ၂၅ ရက်မှစတင်ကာ အောက်တိုဘာ ၁၅ ရက်အထိ သွားလာခွင့် ပိတ်ထားဆဲဖြစ်သည်။

ဗန်းမော်မြို့မှ ကားဆရာ ဦးထွန်းက “ဒီမှာက ၁၀ ဘီးနဲ့အထက်ယာဉ် မှတ်ပုံတင်ထားတာ ၁၈၀ လောက်ရှိတယ်။ လွယ်ဂျယ်လမ်းကပိတ်တော့ အားလုံးအလုပ်ပျက်ကုန်တာ။ ဗန်းမော်က ကားဆရာတွေ ကံဆိုးတဲ့နှစ်ပါ။ ကုန်သည်တွေကျတော့ အဝတ်အထည်တို့၊ သံထည်တို့ သွင်းတာကို နေပြည်တော်မှာ ဂျူတီကြိုဆောင် ထားရတယ်။ အခုလမ်းပျက်တော့ အချိန်ထပ်ပေးဖို့ စာတော့တင်တယ်။ ဘာမှတော့ အကြောင်းမကြား ရသေးဘူး။ အခုက တရုတ်ကလာတဲ့ ၂၁ ပေ၊၂၇ ပေ တုန်ဖုန်းဝစ်သောက် (လိုင်စင်မဲ့) တွေနဲ့ မှောင်ခိုသယ်နေကြတယ်။ လမ်းပိုင်အကြောင်းကတော့ ပြောင်းဖူးကျောက်စီလမ်းကို တရုတ်လက်ကနေ မြန်မာဘက်က လွှဲယူတော့ ပျက်တာပဲ။ တရုတ်လက်ထဲမှာ လမ်းကြောင်းတစ်ခုလုံးကို လူနှစ်ယောက်ထဲက ကျောက်စခန်း-စိန်လုံတစ်ဖြတ်၊ စိန်လုံ-လွယ်ဂျယ်တစ်ဖြတ် နှစ်ယောက်ထဲလုပ်တာ။ အားလုံး အိုကေပဲ။ ကုန်သည်ရော၊ ကားဆရာတွေရော အားလုံးက တရုတ်လက်ထဲပဲ ပြန်အပ်စေချင်တယ်။ ကွန်ကရစ်လမ်းတွေ၊ ကတ္တရာလမ်းတွေထက် ဒီလမ်းပိုင်းက တောင်တက်၊ တောင်ဆင်း၊ အကွေ့တွေများတော့ ပြောင်းဖူးကျောက်စီ လမ်းက အကောင်းဆုံးပဲ။ မချောတော့ဘူး။ တာယာတော့ ပါးတာပေါ့” ဟု ပြောကြားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက နယ်စပ်ကုန်သွယ်မှုတွင် ဘိလပ်မြေများ ပြည်တွင်းထုတ် ပိုမိုရရှိလာသဖြင့် နယ်စပ်မှ တင်သွင်းမှု လျော့ကျခဲ့ကြောင်း၊ အခြားသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်များ တင်သွင်းရကြောင်း၊ တစ်ရှူးငှက်ပျော စိုက်ခင်းများနှင့် ပတ်သက်၍ ငှက်ပျောတင် တွဲကားများကိုသာ အစားထိုးမှု မလုပ်နိုင်သဖြင့် သီးသန့်ဝင်ခွင့် ပြုထားပြီး အခြားသောယာဉ် အမျိုးအစားများကို လွန်ခဲ့သောလကတည်းက ဝင်ခွင့်မပြုတော့ကြောင်း ပြောကြားသည်။

 

Most Read

Most Recent