မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးကို ခုတင် ၈၀၀ ဆံ့ဆေးရုံမှ ခုတင် ၁၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်နေ

မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးကို ခုတင် ၈၀၀ ဆံ့ဆေးရုံမှ ခုတင် ၁၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်နေ
Published 12 September 2018

မြောက်ဥက္ကလာပ ဆေးရုံကြီးရှိ အမျိုးသား ဆေးကုသဆောင်(၁)အား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးကို ခုတင် ၈၀၀ ဆံ့ဆေးရုံမှ ခုတင် ၁၅၀၀ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ဆေးရုံအဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ရုံးအမှတ် (၄) တွင် ဆေးရုံအဆင့်မြှင့်တင် တိုးချဲ့ဆောက်လုပ်ရန် အဆိုပြုတင်ပြသည့် အစည်းအဝေးကို ကျင်းပခဲ့ပြီး Spiral Architects & Planners နှင့် ပူးပေါင်းရေးဆွဲထားသည့် အဆိုပြုနမူနာ Master Plan ကို တင်ပြခဲ့ကြောင်း သိရသည်။

“မြောက်ဥက္ကလာ ဆေးရုံကြီးက အချက်အခြာကျတဲ့နေရာ၊ လူဦးရေ ထူထပ်တဲ့နေရာမှာ ရှိတဲ့အပြင် ရန်ကုန်လေဆိပ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတို့နဲ့လည်း နီးပြီး ရန်ကုန်မြို့တွင်း လူနာတွေသာမက မြို့ပြင်က လူနာတွေပါ လာကုကြတယ်။ လူနာဦးရေလည်း များတဲ့အပြင် ဆေးတက္ကသိုလ် (၂) ရဲ့ သင်ကြားရေး ဆေးရုံကြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ခုတင် ၈၀၀ ဆံ့ဆေးရုံကနေ ခုတင် ၁၅၀၀ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်ပါမယ်။ ဆေးရုံအဆင့်မြှင့်တာနဲ့ ပတ်သက်တဲ့ Master Plan ကိုလည်း တင်ပြထားပြီး ဖြစ်ပါတယ်” ဟု မြောက်ဥက္ကလာပ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြားသည်။

မြောက်ဥက္ကလာ ဆေးရုံကြီးကို အဆင့်မြှင့်တင် တိုးချဲ့ဆောက်လုပ်ခြင်းဖြင့် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးတွင် လူနာအရေအတွက်နှင့် အလုပ်ဝန် လျော့ကျသွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အပိုင်းလိုက်၊ အဆင့်လိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ကာ ဆောင်ရွက်မည်ဖြစ်ပြီး ဦးစားပေး ဆောက်လုပ်ရမည့် အဆောက်အအုံများကို သက်ဆိုင်ရာ ပညာရှင်များနှင့် ညှိနှိုင်းလုပ်ဆောင် နေကြောင်းနှင့် တည်ဆောက်ရေး လုပ်ငန်းကာလအတွင်း ဆေးရုံကြီး၏ လက်ရှိဆောင်ရွက်နေသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လစ်လပ်မှုမရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံပိုင် ပြည်သူ့ဆေးရုံကြီးများတွင် တစ်နှစ်လျှင် လူနာဦးရေ သန်းနှင့်ချီ တက်ရောက် ကုသနေသည့်အတွက် ဆေးရုံကြီးများတွင် အရေးပေါ် လူနာကယ်ဆယ်ရေးလုပ်ငန်း အပါအဝင် ဆေးရုံအလိုက်လိုအပ်သော အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနမှ တရားဝင်ရရှိသည့် အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် တစ်နှစ်တာ ကာလအတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများတွင် တက်ရောက် ဆေးကုသခဲ့သည့် ပြင်ပလူနာပေါင်း ကိုးသန်းကျော်၊ အတွင်းလူနာပေါင်း ၂ ဒသမ ၅ သန်းကျော်တို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူသူ လူနာဦးရေ နှစ်စဉ်မြင့်တက်လျက် ရှိသည့်အတွက် ပြည်သူ့ဆေးရုံကြီးများကို အဆင့်မြှင့်တင်လျက် ရှိကြောင်းလည်း သိရသည်။

 

Most Read

Most Recent