အခြေခံလူတန်းစားများပါဝင်မည့် အခြေခံလူတန်းစားဘ၀ မြင့်မားရေးပါတီ ဖွဲ့စည်းတည်ထောင်မည်ဟု ပါတီတည်ထောင်လိုသူမျာ းရှင်းလင်း

အခြေခံလူတန်းစားများပါဝင်မည့် အခြေခံလူတန်းစားဘ၀ မြင့်မားရေးပါတီ ဖွဲ့စည်းတည်ထောင်မည်ဟု ပါတီတည်ထောင်လိုသူမျာ းရှင်းလင်း
Published 12 September 2018

အခြေခံလူတန်းစားတွေပါဝင်မည့် အခြေခံလူတန်းစားဘ၀ မြင့်မားရေးပါတီကို ၂၀၂၀ ရွေးကောက်ပွဲအမီ ဖွဲ့စည်းတည် ထောင်သွားမည်ဖြစ်ကြောင်း ပါတီတည်ထောင်လိုသူများက စက်တင်ဘာ ၁၁ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် ၅ လမ်းရှိ ပါတီယာယီရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ ပါတီကို မိုက်ကယ်ကျော်မြင့်၏ အစီအစဉ်ဖြင့် တည်ထောင်ရခြင်းဖြစ်ပြီး စစ်မှန်သည့် ဒီမိုကရေစီရရှိရေးနှင့် အခြေခံလူတန်းစားပြည်သူများ၏ ဘဝမြင့်မားရေးအတွက် အဓိက တည်ထောင်ရခြင်းဖြစ်သည်ဟု ၎င်း၏ဇနီး ပါတီတည်ထောင်ရေးတာဝန်ခံ ဒေါ်အေးအေးသင်းက ပြောကြားသည်။

“လယ်သမားပြည်သူတွေ ဘဝမြင့်မားဖို့အတွက်ကို ရည်ရွယ်ပြီးတဲ့ခါကျတော့ သူတို့ဆင်းရဲနေတာတွေကို မျက်မြင်နေရတာတွေ မူတည်ပြီးတော့ အဲဒါကိုရည်ရွယ်ပြီး တည်ထောင်ဖြစ်တာပါ။ ပြီးတော့ ပြောင်းလဲချိန်တန်ပြီဆိုပေမဲ့ မပြောင်းလဲခဲ့ဘူး။ သူတို့ရဲ့ အမြင်လေးတွေပေါ့။ သူတို့တွေဆက်လက်ပြီး ဆင်းရဲမြဲဆင်းရဲနေတယ်ပေါ့။ သူတို့ရဲ့ လယ်သိမ်းယာသိမ်းတွေ ဆက်လက်ရှိမြဲရှိနေတယ်။ ဒီဟာလေးတွေပေါ်မူတည်ပြီး အစ်မတို့အနေနဲ့ အဆင်ပြေအောင် သူတို့ဘဝတွေကို ဘယ်လိုပံ့ပိုးကူညီပေးရမလဲ ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ” ဟု ဒေါ်အေးအေးသင်းက ပြောကြားသည်။

ထို့အပြင် ပါတီဖွဲ့စည်းနိုင်ရေး ၁၅ ဦး အဖွဲ့တွင် ၎င်း၏ ဆွေမျိုး၊ လယ်သမားများ ပါဝင်မည်ဖြစ်ပြီး ပါတီတည်ထောင်ခွင့်နှင့် အမည်စာရင်းကို ယခုလအတွင်း ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ဒေါ်အေးအေးသင်းက ပြောကြားသည်။

“အခုလောလောဆယ်တော့ ကျွန်မ မအေးသင်းကပဲ ပါတီကိုဦးဆောင်ပြီး လုပ်သွားမှာပါ။ လယ်သမားတွေပါမယ်။ အစ်မ မိသားစုတွေနဲ့ တည်ထောင်သွားမှာပါ။ ကိုမိုက်ကယ်ကျော်မြင့်ကတော့ သူလွတ်လာပြီဆိုရင်တော့ ဒီထဲမှာ သူလည်းပါဝင်ပြီးတော့ ကူညီပံ့ပိုးပြီးတော့ လုပ်ပေးသွားမှာပေါ့” ဟု ဒေါ်အေးအေးသင်းက ပြောကြားသည်။

မိုက်ကယ်ကျော်မြင့်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့ မြေကိစ္စတွင် လာဘ်စားခဲ့သည်ဟု စွပ်စွဲမှု၊ ဆန္ဒပြမှုများကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့်ထောင်ဒဏ် ခြောက်လ၊ မမှန်မကန် စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ထောင်ဒဏ်သုံးလ၊  ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်တစ်လ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) (အစိုးရကို ထိခိုက်စေသည့် သတင်းဖြန့်ချိမှုကြောင့် အများပြည်သူအကျိုးကို ပျက်စီးစေမှု) ဖြင့် ထောက်ဒဏ်တစ်နှစ် အသီးသီးချမှတ်ခံထားရကြောင်း ၎င်း၏ ဇနီး ဒေါ်အေးအေးသင်းက ပြောကြားသည်။

 

Most Read

Most Recent