<

ကြမ်းခင်းဈေး ကျပ်သိန်း ၅၀၀ သတ်မှတ်ထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပုံတူ ကြေးသွန်း ပန်းပုရုပ်ထု လေလံတင် ရောင်းချမည်

ဆီဒိုးနားဟိုတယ်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး လိုအပ်သည့် နေရာများသို့ လှူဒါန်းရန် ပြုလုပ်မည့် ရန်ပုံငွေပွဲတော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကြေးသွန်း ပန်းပုရုပ်ထုကို လေလံတင်ရောင်းချမည် ဖြစ်ကြောင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာသန့်သော်ကောင်းက ပြောကြားသည်။

စက်တင်ဘာ ၁၁ ရက်က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော “ဆီဒိုးနားဟိုတယ် ရန်ကုန်နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လိုအပ်သည့် နေရာများသို့ လှူဒါန်းရန် ဒုတိယအကြိမ်မြောက် ရန်ပုံငွေပွဲတော် ကျင်းပပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား” တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကြေးရုပ်က သိန်းငါးရာ၊ ပန်းအိုးကတော့သိန်း ၂၀၊ ဆွဲကြိုးကတော့ သိန်း ၁၀၀ ပါ။ ဒါကကြမ်းခင်းဈေး ပြောတာပါ။ ကျွန်တော်တို့ လေလံတင်ဖြစ်တဲ့ အကြောင်းရင်းကတော့ နိုင်ငံခြားက ပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အင်မတန်လေးစား မြတ်နိုးတဲ့သူတွေလေ။ သူ့ကို ဂုဏ်ပြုချင်တဲ့ အနေနဲ့ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုချင်တဲ့အနေနဲ့ လုပ်ထားတာဖြစ်တယ်။ ပြီးတော့ အကျိုးရှိစေချင်တယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူခြင်းအားဖြင့် ငွေက ဒီတိုင်းရောင်းတာထက် အဆပေါင်းများစွာ ပိုရမယ်။ အဲဒီအခါကျရင် လူပေါင်းများစွာ၊ ထောင်ပေါင်းများစွာကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကတစ်ဆင့် လှူဒါန်းသွားပြီးတော့ ပြည်သူလူထု အကျိုးပြုလုပ်ငန်းတွေ လုပ်သွားနိုင်မှာဖြစ်တယ်။ ဒါကြောင့် သူတို့က လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ဒေါက်တာသန့်သော်ကောင်းက ပြောကြားသည်။

၎င်းကဆက်လက်၍ “လေလံတင်တာကိုတော့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ မလုပ်ပါဘူး။ ပွဲကျင်းပတဲ့ နေ့မှသာ လေလံတင် ရောင်းချသွားမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကြေးသွန်းပန်းပုရုပ်ထုကို နော်ဝေနိုင်ငံသူ ပန်းချီဆရာမ Merete Sejersted Bodtker က ထုဆစ်ပုံဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကြေးသွန်းရုပ်ထုနှင့်အတူ ယင်းဖောင်ဒေးရှင်းသို့ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းစဉ်များအတွက် အသုံးပြုနိုင်ရန် လှူဒါန်းထားသည့် Traditional Czech Crystal Co.,Ltd. ၏ ဒီဇိုင်းဒါရိုက်တာ Andrea Hyniova ကိုယ်တိုင်ဖန်တီးထားသည့် ဖန်ထည်ပန်းအိုးတစ်ခုနှင့် Myint Tun Oo Gems and Jewellery မှလည်း လှူဒါန်းထားသည့် ကျောက်စိမ်းပုတီး လည်ဆွဲကိုလည်း လေလံတင် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ရန်ပုံငွေပွဲတော်ကို အောက်တိုဘာ ၅ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး အဆိုတော်နီနီခင်ဇော်၊ ထိုင်ဝမ်နိုင်ငံမှ စန္ဒရားပညာရှင်၊ မြန်မာနိုင်ငံမှ တယောပညာရှင် စစ်သွေး၊ ဘရားဇီးနိုင်ငံသား စန္ဒရားပညာရှင်နှင့်အတူ မလေးရှားနိုင်ငံသူ Soprano၊ အဆိုပညာရှင် Yiling Chaing တို့က ဖျော်ဖြေမည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ဒေါ်လာ တစ်ရာဖြင့် ၀ယ်ယူနိုင်ပြီဖြစ်သည်။

 

September 11, 2018














Copy Protected by Chetan's WP-Copyprotect.