ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေမှုများအား မည်သို့ အတူတကွအကောင်အထည်ဖော်ကြမည်ကို ကြိုးစားအဖြေရှာကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေမှုများအား မည်သို့ အတူတကွအကောင်အထည်ဖော်ကြမည်ကို ကြိုးစားအဖြေရှာကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
Published 12 September 2018

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို စက်တင်ဘာ ၈ ရက်က ကျင်းပစဉ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး (NCA –SEAO SUMMIT)  နောက်ဆုံးနေ့ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် စက်တင်ဘာ ၁၁ ရက်၌ ဆက်လက်ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသော တစ်ဆို့မှုများအား မည်သို့ အတူတကွ အကောင်အထည်ဖော်ကြမည်ဆိုသည်ကို အတူတကွ ကြိုးစားအဖြေရှာကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းပြောကြားသည်။

NCA – SEAOSUMMIT နောက်ဆုံးနေ့တွင် သဘာပတိများအဖြစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ကျာခွန်ဆာတို့က ဆောင်ရွက်ခဲ့ပြီး သဘာပတိ၏ အဖွင့်အမှာစကားတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထိုသို့တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိမှာ Stakeholder အချင်းချင်းကြားမှာ မတူညီတဲ့ အခြေခံနားလည်မှုနဲ့ နက်ရှိုင်းတဲ့ ကွာဟမှု ရှိနေတယ် ဆိုတာလည်း ကျွန်တော်တို့ သုံးရက်လုံးလုံး ဆွေးနွေးခဲ့ပြီးပါတယ်။ လက်ရှိအနေအထားမှာ နိုင်ငံရေး ရပ်ဝန်းဆိုင်ရာ သဘောတူညီမှုမရှိလို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တုံ့ဆိုင်းနေတဲ့ အခက်အခဲကို ကြုံတွေ့နေရတယ်ဆိုတာလည်း အားလုံးသိရှိ နားလည်ပြီးဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့် ဒီလိုတစ်ဆို့နေတဲ့အရာတွေကို ဘယ်လိုအတူတကွ အကောင်အထည်ဖော်သွားကြမလဲဆိုတာကို အတူအကွ ကြိုးစားအဖြေရှာကြရင်း ဒီနေ့မှာ ဆက်လက်ဆွေးနွေးရမယ့် အကြောင်းအရာကို သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ဆက်လက်ဆွေးနွေးသွားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

NCA – SEAO SUMMIT အား စက်တင်ဘာ ၈ ရက်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်သုံးရက်အတွင်း အကြိတ်အနယ် ဆွေးနွေးခဲ့ရာတွင် သူ့အမြင်၊ ကိုယ့်အမြင် သဘောထားရပ်တည်ချက် မတူညီမှုများအား ဆွေးနွေးခြင်းဖြင့် ဘုံဆုံးဖြတ်ချက်ထွက် ရှိလာမှုသည် ကောင်းမွန်သောလက္ခဏာဖြစ်ကာ အဆိုပါအချက်သည် အချင်းချင်း အကြား မတူကွဲပြားမှုကို လက်ခံပြီး ညီညွတ်မှု ရှာဖွေခြင်းကို ပြသခြင်းပင်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“ဒီအချက်က အရေးကြီးပါတယ်။ ဒီလိုမတူကွဲပြားခြင်းကို လက်တွေ့ကျကျ လက်ခံနိုင်ခြင်းဟာ ညီညွတ်မှုဖြစ်စေတာဟာ ကျွန်တော်တို့ရဲ့ ‘မူ’ ဖြစ်ပါတယ်။ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ ညီညွတ်နေတယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ရရှိအောင် ကြိုးပမ်းကြတဲ့ နေရာမှာ လွယ်ကူချောမွေ့သွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပထမရက်က ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ဟာ ညှိနှိုင်းဆွေးနွေးတဲ့ နေရာမှာ သဘောထားကြီးမှု ၊ အမြင်ကျယ်မှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ စိတ်ဓာတ်တွေ မွေးမြူဖို့ လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

NCA – SEAO SUMMIT စတုတ္ထနေ့ (နောက်ဆုံးနေ့) တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC ) ကိစ္စရပ်များ တင်ပြခြင်းနှင့် ဆွေးနွေးခြင်း၊ NCA - SEAO ၏ လုပ်ငန်းလမ်းညွှန်ကိစ္စနှင့် NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် မဟာမိတ်များ ကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent