<

လုပ်ငန်းရှင်လေးဦးက ကြက်သွန်၊ ငရုတ်ပွဲရုံလုပ်ငန်းရှင်များထံမှ ကုန်ဖိုးငွေကျပ်သိန်း ၁၀၀၀၀ ကျော် မပေးဘဲ တိမ်းရှောင်နေသဖြင့် ဘုရင့်နောင်ပွဲရုံများတွင် အရောင်းအ၀ယ်ခက်ခဲနေဟု ဆို

ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ကြက်သွန်များတင်ဆောင်လာသည်ကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်တွင် ပွဲရုံလုပ်ငန်းရှင်လေးဦးက ကြက်သွန်၊ ငရုတ်ပွဲရုံလုပ်ငန်းရှင်များထံမှ ကုန်ဖိုးငွေကျပ်သိန်း တစ်သောင်းကျော်မပေးဘဲ တိမ်းရှောင်မှုဖြစ်ပွားနေသဖြင့် ဘုရင့်နောင်ပွဲရုံများတွင် အခြေခံစားသောက်ကုန်များ အရောင်းအ၀ယ်ခက်ခဲနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။

“ကြက်သွန်၊ ငရုတ်ပွဲရုံ လေးရုံလောက် ပြီးခဲ့တဲ့သုံးလေးလအတွင်းက ဖြစ်တာ။ ပြီးခဲ့တဲ့လအထိ တိုင်ကြတောကြတုန်းပဲ။ တချို့လည်း တရားစွဲဖို့ လုပ်နေကြတာတွေရှိတယ်။ တချို့က ၃၀ ရာခိုင်နှုန်းလောက် ပြန်လျော်တာလည်း ရှိတယ်။ အဲဒီဟာက တစ်ယောက်ကို အများကြီးတော့မဟုတ်ဘူး။ တစ်ယောက်ကို သိန်း ၁၅၀၀ နဲ့ အများဆုံး သိန်း ၃၀၀၀ ကြားလောက်ပေါ့၊ လေးယောက်လောက်ဆိုတော့ သိန်းတစ်သောင်းကျော် ဖြစ်သွားတာပေါ့လေ” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။

ဘုရင့်နောင်ရှိ ကြက်သွန်၊ ငရုတ်ပွဲရုံလုပ်ငန်းရှင်များအကြား ယင်းကဲ့သို့ ကုန်ဖိုးငွေ အကျေပေးချေခြင်းမပြုဘဲ ထွက်ပြေးတိမ်းရှောင်မှုများ ယခင်ကဖြစ်ပွားလေ့ရှိကြောင်း၊  သို့သော်လည်း ယခင်နှစ်များက ကျပ်သိန်း တစ်ထောင်ဝန်းကျင်နှင့် ကုန်သည်တစ်ဦးတလေသာ ဖြစ်ပွားခဲ့ကြောင်း၊ ယခုနှစ်အတွင်း ဖြစ်ပွားမှုမှာ ကုန်ဖိုးငွေမပေးမှု အများဆုံးဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင်အတွင်း လက်ရှိဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွင်း ပွဲရုံလုပ်ငန်းရှင် ၃၀ ကျော်၏ ကုန်ဖိုးငွေကျပ်သိန်းတစ်သောင်းကျော်အား လုပ်ငန်းရှင်လေးဦးက မပေးဘဲ တိမ်းရှောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က ဘုရင့်နောင်မှာ ပွဲရုံအငှား ဖွင့်တဲ့သူတွေ။ တစ်လ ၁၄ သိန်း၊ ၁၅ သိန်းနဲ့ ပိုက်ဆံပေးပြီးဖွင့်နေကြတာ။ ဖွင့်ပြီးတော့ ပွဲရုံကြီးတွေကနေ ၀ယ်ပြီးတော့ တစ်ဆင့်ပြန်ရောင်းတာပေါ့ဗျာ။ ငရုတ်သီးသမား နှစ်ဦးလောက်၊ ကြက်သွန်ကလည်း နှစ်ဦးလောက်၊ ဒီနှစ်က အလုပ်ကလည်း မကောင်းကြဘူး၊ ကြက်သွန်တွေကလည်း ဈေးမကောင်း၊ အဲဒီတော့  ကုန်သည်တွေက တောက်လျှောက်လုပ်လာတာ ရှုံးကြတယ်။ ဒီနေ့က ကြက်သွန်တစ်ပိဿာကို ကျပ် ၈၀၀ ကနေ ၁၀၀၀ ကြား ပြန်ဖြစ်သွားတယ်။ ပြန်တက်တာပေါ့။ နောက်နေ့တော့ ပြန်ကျမယ်ထင်တယ်။ တစ်ပိဿာ ကို ၂၀၀၊ ၃၀၀ လောက် တက်တာ” ဟု ဦးခင်ဟန်က ဆိုသည်။

“အခုချိန်မှာ အလိုလိုရောင်းမကောင်းရတဲ့အထဲ ပိုပြီးရောင်းမကောင်းဘူး ဖြစ်နေတာပေါ့။ ဟိုလူ့မရောင်းရဲ ဒီလူ့မရောင်းရဲ ဖြစ်နေတာ။ လက်ငင်းရမယ့်သူတွေကို စောင့်ရောင်းနေရတော့ ရောင်းမကောင်းဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဆုံးဆုံး၊ မဆုံးဆုံး ပေးလိုက်လို့ကတော့ မြန်တာပေါ့။ အခုက မရောင်းရဲတော့ နည်းနည်းအခက်အခဲ ဖြစ်နေတယ်။ ကြက်သွန်တွေဆိုရင် မပုပ်အောင် ထားနေရတယ်။ မရောင်းရဲဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသည့် ငွေကြေးအရှုပ်အရှင်းဖြစ်ပွားနေမှုတွင် ငွေကြေးပမာဏ၏ ရာခိုင်နှုန်း ၃၀ ခန့်ကို ပြန်လည်ပေးဆပ်  နေပြီဖြစ်သော်လည်း ရာခိုင်နှုန်း ၇၀ ခန့် ပေးချေရန် ကျန်နေသေးကြောင်း၊ အဆိုပါငွေကြေးပမာဏကို အကျေအလည်ပြန်လည် ပေးဆပ်ခြင်းမရှိပါက တရားစွဲဆိုခြင်းများ ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

 

September 11, 2018














Copy Protected by Chetan's WP-Copyprotect.