မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်း သိမ်းဆည်းခံရခြင်းနှင့် သတ်မှတ် MoU ကုန်ကျစရိတ်ထက် ပိုကောက်ယူနေသည့် တိုင်ကြားမှု များလာကြောင်းသိရ

မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်း သိမ်းဆည်းခံရခြင်းနှင့် သတ်မှတ် MoU ကုန်ကျစရိတ်ထက် ပိုကောက်ယူနေသည့် တိုင်ကြားမှု များလာကြောင်းသိရ
Published 12 September 2018

အထောက်အထား မစုံလင်သော ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးရေး စီမံချက်တွင် ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်း သိမ်းဆည်း ခံရခြင်းနှင့် သတ်မှတ်ထားသည့် MoU ကုန်ကျစာရိတ်ထက် ပိုကောက်ယူနေသည့် တိုင်ကြားမှု များပြားလာကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် (ဟတ်ယိုင်ရုံး) မှ ဦးသိန်းထွန်းက ပြောကြားသည်။

“အလုပ်ရုံတချို့က အလုပ်သမားတွေရဲ့ Work Permit တို့၊ Passport တို့၊ Visa တို့ကိုယူပြီး နောက်ထပ် MoU သက်တမ်း တိုးပေးမယ်ဆိုပြီး သိမ်းရော။ တကယ်တမ်းကျတော့ MoU သက်တမ်းတိုးပေးတာ မရှိဘူး။ အလုပ်သမားတွေ ပြန်တောင်းရင်လည်း မပေးဘူး။ အဲဒီတော့ ကျွန်တော်တို့ရုံးကိုလာပြီး တိုင်ကြားကြတယ်။ အဲဒီတော့ ကျွန်တော်တို့ MWRN ဟတ်ယိုင်ရုံး ဝန်ထမ်းတွေရယ်၊ သက်ဆိုင်ရာ အစိုးရဌာနက လူတွေရယ်၊ ကျွန်တော်တို့ကိုယ်တိုင် စက်ရုံနဲ့ ဆွေးနွေးပြီးတော့ ကျွန်တော်တို့ရှေ့မှာပဲ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေ ပေးခိုင်းတယ်” ဟု ဦးသိန်းထွန်းက ပြောကြားသည်။

ထို့ပြင် အေဂျင်စီအချို့သည် သတ်မှတ်ထားသည့် MoU ဈေးနှုန်း ၁၅၀၀၀၀ ကျပ်ထက် ပိုမိုများပြားသည့်ငွေ ငါးသိန်းကျပ်မှ ၁၀ သိန်းကျပ်အထိ ကောက်ခံနေသည့် တိုင်ကြားစာများလည်း ရှိနေကြောင်း သိရသည်။

“အစိုးရ သတ်မှတ်ထားတဲ့ MoU ဈေးနှုန်းက တစ်သိန်းခွဲပဲ ရှိတယ်။ အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာအရ အကုန်လုံးကို သတ်မှတ်ထားတာ။ ဒီအေဂျင်စီတွေကိုလည်း သူတို့ပြောပြီးသားဖြစ်တယ်။ တရားဝင်လည်း ကြေညာထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ မြန်မာဘက်အခြမ်းက အေဂျင်စီတွေမှာက နည်းနည်း ခြစားမှုတွေ ရှိတယ်။ နည်းနည်း မဟုတ်ဘူး။ များများကို ရာခိုင်နှုန်းများတယ်။ သူတို့ကို အရေးယူဖို့ကျတော့ နည်းနည်း ခက်ခဲတယ်လေ။ အလုပ်သမားတွေ ဘက်ကလည်း ဥပဒေရေးရာပိုင်း သိပ်မကျွမ်းကျင်ဘူး။ နောက်ပြီး အလုပ်သမားတွေဘက်က ဈေးနှုန်းမသိတာတွေကလည်း အားနည်းချက်တွေပေါ့” ဟု ဦးသိန်းထွန်းက ပြောကြားသည်။

အချို့စက်ရုံများတွင် အလုပ်ရှင်က အလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်းများ သိမ်းဆည်းထားပြီး ခြိမ်းခြောက်ခြင်းများ၊ ရဲများကို ဆက်သွယ်ကာ ဖမ်းဆီးခိုင်းခြင်းများ ရှိနေကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် (MWRN) သို့ လာရောက် တိုင်ကြားသည့်အမှုများ တစ်လလျှင် အမှုပေါင်း ၅၀ နီးပါးရှိပြီး ယခုနောက်ပိုင်း ပိုမိုများပြားလာကြောင်း သိရသည်။ ထိုအမှုများတွင် အဓိကအားဖြင့် MoU စာရွက်စာတမ်း သိမ်းသည့်အမှုများ၊ ပွဲစားများက အလုပ်သွင်းပေးမည်ဆိုကာ ပိုက်ဆံလိမ်လည်ယူသည့် အမှုများနှင့် အလုပ်များ စက်ရုံများတွင် ထိခိုက်ဒဏ်ရာ ရရှိသည့် အမှုများ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် လုပ်ကိုင်သည့် တရားဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်သန်းကျော်ရှိနေပြီး ငါးစက်ရုံ၊ ပုစွန်စက်ရုံများ၊ ပန်းရံလုပ်ငန်းများနှင့် ထုတ်လုပ်ရေး လုပ်ငန်းများတွင် အများဆုံး လုပ်ကိုင်နေရကြောင်း သိရသည်။

Most Read

Most Recent