နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူအောင် ဖန်တီးစေမှုတို့ဖြင့် တရားစွဲခံထားရသည့် ဒေါ်စန်းစန်းဦးနှင့် ကိုနောင်နောင်တို့ကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူအောင် ဖန်တီးစေမှုတို့ဖြင့် တရားစွဲခံထားရသည့် ဒေါ်စန်းစန်းဦးနှင့် ကိုနောင်နောင်တို့ကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်
Published 12 September 2018

အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခံရသည့် ကိုနောင်နောင်အား တရားရုံးမှ အမိန့်ချမှတ်အပြီး တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင် )

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ဆူပူအောင် ဖန်တီးစေမှုပုဒ်မ ၁၅၃ စသည့် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် ဒေါ်စန်းစန်းဦး (ခ) ဒေါ်လေးလေးနှင့် ကိုနောင်နောင်တို့ကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တရားရုံးက စက်တင်ဘာ ၁၁ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့်ခြောက်လ ချမှတ်ခဲ့ကြောင်း သိရသည်။

“သူတို့ကို တရားရုံးကချလိုက်တဲ့ အမိန့်က အောင်ကိုထွေးကို ဝန်းရံမှုနဲ့ ပတ်သက်ပြီး ရုတ်ရုတ်သဲသဲ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့အတွက် ဆန္ဒထုတ်ဖော်သူတွေ အနေနဲ့ ပတ်ဝန်းကျင်သော် လည်းကောင်း၊ ရုံးအခြေအနေအရ သော်လည်းကောင်း ရုန်းရင်းဆန်ခတ် အနေအထား ဖြစ်ခဲ့တယ်။ သူတို့ကို ချတယ်ဆိုတဲ့ တရားသူကြီးကို နွားတရားသူကြီးလို့ ခေါ်တယ်ဆိုတာ ပတ်ဝန်းကျင်ကို လှုံ့ဆော်တယ် ရန်စတယ်ဆိုတဲ့သဘော လှုံ့ဆော်တယ်ဆိုတဲ့ သဘောနဲ့ အခုလို ပြစ်မှုပြစ်ဒဏ်ကို ချလိုက်တာပါ။ ပြစ်ဒဏ်အပေါ်မှာ တရားခံတွေ မကျေနပ်ရင် အယူခံတက်လို့ ရတဲ့အကြောင်း တရားသူကြီးက ရှင်းပြလိုက်ပါတယ်” ဟု တရားစွဲဆိုခံရသူများ၏ရှေ့နေ ကိုဇေယျာအောင်က ပြောကြားသည်။

၎င်းတို့အား ထောင်ဒဏ်ခြောက်လ ပြစ်ဒဏ်နှစ်ရပ်ကို တပေါင်းတည်း ကျခံစေရန် ဒဂုံဆိပ်ကမ်းမြို့နယ် တရားသူကြီးက အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုံးချိန်းတွင် ဒေါ်စန်းစန်းဦး (ခ) ဒေါ်လေးလေးက ဌာနဆိုင်ရာများ၏ အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူပေးရန်၊ လွှတ်တော်အတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အမြန်ဆုံး ထွက်ပေးရန်၊ တပ်မတော်ရှိ အထက်အရာရှိက အောက်လက်ငယ်သားများကို ဖိနှိပ်စေခိုင်းနေခြင်းများ ရပ်တန့်ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့သည်။

ဇန်နဝါရီ ၁၇ ရက်က ကလေးစစ်သား အောင်ကိုထွေးအား ရုံးထုတ်စစ်ဆေးသည့် အချိန်တွင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပွဲ ဦးဆောင်သူများဖြစ်သည့် ကိုနောင်နောင်နှင့် ဒေါ်လေးလေးတို့ကို ဇန်နဝါရီ ၁၈ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို အချုပ်ဖြင့် ရှစ်လကြာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင် ခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၁ ရက် ရုံးချိန်းတွင် ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent