<

မန္တလေးမြို့သို့ တရုတ်ခရီးသွား ၀င်ရောက်မှု အများဆုံးဖြစ်ပြီး ယခုနှစ်တွင် တရုတ်ခရီးသွား ၀င်ရောက်မှု ရာခိုင်နှုန်း ၃၀ မြင့်တက်

မန္တလေးမဟာမုနိဘုရားသို့ လာရောက်ဖူးမြော် လေ့လာနေသော နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်

မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှုတွင် တရုတ်ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ အများဆုံးဖြစ်ပြီး ယခုနှစ်တွင် ယခင်နှစ် ၀င်ရောက်မှုထက် ရာခိုင်နှုန်း ၃၀ မြင့်တက်လျက်ရှိကြောင်း အထက်မြန်မာပြည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဌာနမှ ကောက်ယူခဲ့သည့် စာရင်းများအရ ယခုနှစ် ခြောက်လတာ ကာလအတွင်း မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှုတွင် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ပြီး ၈၉၀၉၆ ဦးဝင်ရောက်ခဲ့ကာ ပြင်သစ် ၁၄၄၇၇ ဦး၊ ထိုင်း ၁၃၄၄ ဦး၊ အမေရိကန် ၈၄၀၈ ဦး၊ ဂျာမနီ ၈၃၃၃ ဦး၊ ဂျပန် ၆၈၇၅ ဦး၊ အီတလီ ၅၆၃၅ ဦး၊ ယူကေ ၅၁၄၂ ဦး၊ ကိုရီးယား၄၇၅၃ ဦး၊ အိန္ဒိယ ၄၂၁၃ ဦးနှင့် အခြား မှ ၇၀၆၂၆ ဦးရှိခဲ့ကြောင်း သိရသည်။

“တရုတ်ခရီးသွားက အခုနောက်ပိုင်းမှာ တခြားနိုင်ငံတွေကိုလည်း ၀င်ရောက်မှု မြင့်နေတယ်။ မန္တလေးမှာကတော့ အရင်ကတည်းက နယ်နိမိတ်ချင်း ထိဆက်နေတဲ့ အခြေအနေကြောင့်လား မသိဘူး တရုတ်ခရီးသွား အ၀င်က ထိပ်ဆုံးမှာရှိတယ်။ ဒုတိယအနေနဲ့က ထိုင်းခရီးသွား ၀င်ရောက်မှုများတယ်။ ဒီနှစ်ပိုင်းမှာ ဥရောပဘက်က ခရီးသွားအ၀င်က နည်းနည်းလေး ကျသွားတယ်။ လာမယ့်ခရီးသွား အ၀င်များမယ့် ကာလမှာ တရုတ်နဲ့ ကိုရီးယား၊ ဂျပန်နိုင်ငံတွေကို ဗီဇာစနစ် ပြောင်းလဲမှု လုပ်ထားတယ်” ဟု အထက်မြန်မာပြည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု အပြောင်းအလဲအရ လက်ရှိတွင် မန္တလေးမြို့သို့ တရုတ်ခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ အမြင့်ဆုံးဖြစ်ပြီး လာမယ့် ခရီးသွားရာသီတွင် ဗီဇာစနစ် အပြောင်းအလဲများကြောင့် တရုတ်၊ ကိုရီးယားနှင့် ဂျပန်တို့မှ ခရီးသွားဧည့်သည် အများအပြား ၀င်ရောက်လာနိုင်ကာ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက် ၀န်ဆောင်မှုများ ပေးနိုင်ရန် ခရီးသွားကဏ္ဍ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်သည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

September 11, 2018














Copy Protected by Chetan's WP-Copyprotect.