ရန်ကုန်မြို့အား ငါးနှစ်အတွင်း ရာနှုန်းပြည့် ဆေးလိပ်ငွေ့ ကင်းစင်သည့်မြို့အဖြစ် ဆောင်ရွက်မည်

ရန်ကုန်မြို့အား ငါးနှစ်အတွင်း ရာနှုန်းပြည့် ဆေးလိပ်ငွေ့ ကင်းစင်သည့်မြို့အဖြစ် ဆောင်ရွက်မည်
Published 11 September 2018

ရန်ကုန်မြို့ နယ်နိမိတ်အတွင်းရှိ မြို့နယ်များအား ငါးနှစ်အတွင်း ရာနှုန်းပြည့် ဆေးလိပ်ငွေ့ကင်စင်းသည့် မြို့များအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

“ဆေးလိပ်သောက်တဲ့ သူတွေကို အရေးယူဖို့ မဟုတ်ဘူး။ မသောက်ရဘူး ဆိုတဲ့နေရာမှာ မသောက်ဖို့ပဲ။ အခုဆို ကျောက်တံတား က ၁၁၄ နေရာမှာ ၇၅ ရာခိုင်နှုန်းကတော့ ဒီဥပဒေကို လိုက်နာနေပြီ ပြောတယ်။ တကယ် လိုက်နာမှုရှိ မရှိလေ့လာမယ်။ ခုလည်း ဆရာတို့ ငါးနှစ်အတွင်းမှာ ရန်ကုန်မြို့ကို ဆေးလိပ်ငွေ့ ကင်စင်းရေးမြို့အဖြစ် ဆောင်ရွက်မှုတွေကို လုပ်နေတယ်” ၎င်းက ပြောကြားသည်။

လက်ရှိတွင် ကျောက်တံတားမြို့နယ်အတွင်း ဆေးလိပ် လုံးဝသောက်ခွင့်မရှိသော နေရာများဖြစ်သည့် ဘာသာရေးဆိုင်ရာ နေရာ ၃၅ ခု၊ ဟိုတယ်နှင့် တည်းခိုခန်း ၂၄ ခု၊ စာသင်ကျောင်း ခုနစ်ခု၊ ဆေးရုံနှင့် ပန်းခြံ နှစ်ခု၊ အစိုးရဌာန အဆောက်အအုံ ၄၀ ၊ ကုန်တိုက် သုံးခု၊ ရုပ်ရှင်ရုံ သုံးခု စုစုပေါင်း ၁၁၄ ခုကို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ အခန်း(၄)ပုဒ်မ၊(၆)နှင့်(၇)အရ ဆေးလိပ်ငွေ့ ကင်းစင်ရေး နေရာများအဖြစ် သတ်မှတ်၍ ပြီးခဲ့သည့် မေလမှ စတင်ကာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“စီးကရက်ဗူးတွေမှာ ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတဲ့ အမှတ်အသား ပါရှိပေမယ့် ဆေးလိပ်ကို ရှုရှိုက်ရတာ အရသာတစ်ခုလို သဘောထားကြတယ်။ အခုဆို ဆယ်ကျော်သက်တွေကအစ ခိုးသောက်တယ်။ ဒါက ဆေးလိပ်ထဲကို တစ်ခြား မူးယစ်ဆေးဝါးတွေ ထည့်သောက်ဖို့ လမ်းစဖော်ပေးသလို ဖြစ်နေတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ စသည့် ရောဂါအမျိုးမျိုးကြောင့် လူပေါင်း ခြောက်သိန်းခန့် သေဆုံးနေကြောင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် သေဆုံးသည့် လူခြောက်သိန်းခန့်တွင် ၇၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်နေကြောင်း သိရသည်။

 

Most Read

Most Recent