ကန့်ကွက်မှုများ ရှိနေသည့် သူနာပြု ဒီပလိုမာ သုံးနှစ်သင်တန်း လျော်ကြေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပြီး ရလဒ်မရခင်အထိ စာချုပ်ချုပ်ဆိုခြင်းအား ရပ်ဆိုင်းထားမည်ဟု ဆို

ကန့်ကွက်မှုများ ရှိနေသည့် သူနာပြု ဒီပလိုမာ သုံးနှစ်သင်တန်း လျော်ကြေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပြီး ရလဒ်မရခင်အထိ စာချုပ်ချုပ်ဆိုခြင်းအား ရပ်ဆိုင်းထားမည်ဟု ဆို
Published 11 September 2018

ကန့်ကွက်မှုများ ရှိနေသည့် သူနာပြုဒီပလိုမာ သုံးနှစ်သင်တန်း လျော်ကြေးကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမြင့်ဆုံးသော စီမံခန့်ခွဲမှုကော်မတီ (EC) အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဖြစ်ပြီး ရလဒ်မရရှိခင် အချိန်အထိ စာချုပ်ချုပ်ဆိုခြင်းအား ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စက်တင်ဘာ ၉ ရက်က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်သူနာပြု သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ တွေ့ဆုံဆွေးနွေးမှုအရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က လျော်ကြေး သိန်း ၁၀၀ ပြောင်းလဲခြင်းကိစ္စအား ၎င်းတို့မှ ဆုံးဖြတ်ပေးနိုင်ခြင်း မရှိပါ၍ ဝန်ကြီးဌာန၏ အမြင့်ဆုံးသော စီမံခန့်ခွဲရေးကော်မတီ (EC) အစည်းအဝေးတွင် တင်ပြ ဆွေးနွေးပေးမည် ဖြစ်ကြောင်း၊ ဆွေးနွေးမည့်ကိစ္စအား ရက်အနီးဆုံး EC အစည်းအဝေး တွင် တင်ပြဆွေးနွေးပြီး ရလဒ်အား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမှတစ်ဆင့် အကြောင်းကြားပေးမည် ဖြစ်ကြောင်း၊ ရလဒ် မရောက်ရှိခင်အထိ စာချုပ်ချုပ်ဆိုခြင်းအား ရပ်ဆိုင်းထားမည် ဖြစ်ကြောင်းနှင့် သင်တန်းသား/သူများ၏ တင်ပြတောင်းဆိုချက် ဖြစ်သော ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ် တက်ရောက်ခွင့်ရ သင်တန်းသား/သူတို့အား မူလလျော်ကြေးငွေ ရှစ်သိန်းကျပ် တိတိဖြင့်သာ ချုပ်ဆိုရန်နှင့် ၂၀၁၉ ခုနှစ် ဝင်ခွင့်လမ်းညွှန်တွင် တရားဝင် ကြေညာပြီးမှသာ ပြောင်းလဲပြင်ဆင် ချုပ်ဆိုရန် တောင်းဆိုချက်အား တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့သည်ဟု သိရသည်။

စက်တင်ဘာ ၈ ရက် ညပိုင်းက သူနာပြု ဒီပလိုမာ သုံးနှစ်သင်တန်း အောင်လက်မှတ် ရရှိပြီးသူများ နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ် ထမ်းဆောင်ခြင်း မရှိပါက လျော်ကြေး သိန်း ၁၀၀ ပေးဆောင်ရမည် ဆိုသည့်အချက်အား ကန့်ကွက်ကြောင်း သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ၂၀၁၈ ဇန်နဝါရီ ၂၆ ရက်တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ထုတ်ပြန်လိုက်သော ညွှန်ကြားစာတွင် ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် တက်ရောက်နေသော သင်တန်းသူ၊ သင်တန်းသား အားလုံးမှစပြီး သူနာပြု သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ခြင်း မရှိပါက သူနာပြုသားဖွားဒီပလိုမာ သုံးနှစ်သင်တန်းအတွက် သင်တန်းလျော်ကြေးငွေ ကျပ်ရှစ်သိန်းတိတိနှင့် ဒီပလိုမာ အောင်လက်မှတ်ရရှိပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ် ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ်သိန်း ၁၀၀ တိတိ ပေးလျော်ရမည် ဖြစ်ကြောင်း သိရသည်။

၎င်းညွှန်ကြားစာအရ လျော်ကြေးငွေ ကျပ်သိန်း ၁၀၀ ဆိုသော ပမာဏသည် သူနာပြု သင်တန်းကျောင်းတွင် တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအတွက် အလွန်အမင်း များပြားလှကြောင်း၊ သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အနေဖြင့် ကျွနု်ပ်တို့၏ ညီအစ်ကို မောင်နှမများအပေါ် လျော်ကြေးငွေ သိန်း ၁၀၀ ပေးဆောင်ရန် စာချုပ်ချုပ်ဆိုမှုကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းနှင့် ယင်းညွှန်ကြားစာသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ထားသော်လည်း၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်မှသာ ရန်ကုန်သူနာပြု သင်တန်းကျောင်းသို့ ရောက်ရှိလာခြင်းသည် ရုံးလုပ်ထုံးလုပ်နည်းအရ မဟုတ်ဘဲ အကွက်ကျကျ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် သူနာပြုသင်တန်းသို့ တက်ရောက်ခွင့် ရရှိသူများသည် သင်တန်း ပြီးဆုံးအောင် တက်ရောက်ရမည်။ ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သာ အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိလက်မှတ် ရေးထိုးရမည်။ ခံဝန်ချုပ်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက လျော်ကြေးငွေ ပေးလျော်ရမည်ဟု ပါဝင်ပြီးဖြစ်သည် သိရသည်။

လက်ရှိ သူနာပြုတက္ကသိုလ် နှစ်ခု၊ သူနာပြု၊ သားဖွားနှင့် နှီးနွှယ်ကျောင်း ၅၀ တို့မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော သူနာပြုနှင့် သားဖွားများကို မွေးထုတ်လျက် ရှိကြောင်း၊ ၂၀၁၇ ခုနှစ်အထိ သူနာပြု ၃၅၀၀၀ ကျော်နှင့် သားဖွားဆရာမ ၃၇၀၀၀ ကျော် လေ့ကျင့် မွေးထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် တက္ကသိုလ်၊ သင်တန်းကျောင်း အသီးသီးတွင် သင်တန်းသား ၉၀၀၀ ကျော် သင်တန်း တက်ရောက်လျက် ရှိကြောင်း သိရသည်။

Most Read

Most Recent