မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသော အဆိုတော် ရသ အပါအဝင် သုံးဦးအား မန္တလေးခရိုင် တရားရုံးတွင် စတင်တရားစွဲဆို

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသော အဆိုတော် ရသ အပါအဝင် သုံးဦးအား မန္တလေးခရိုင် တရားရုံးတွင် စတင်တရားစွဲဆို
Published 11 September 2018

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသော အဆိုတော် ရသ အပါအဝင် သုံးဦးအား မန္တလေးခရိုင် တရားရုံး ရုံးထုတ်တွင် တွေ့ရစဉ်

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသော အဆိုတော် ရသ အပါအဝင် သုံးဦးကို စက်တင်ဘာ ၁၀ ရက်က မန္တလေးခရိုင်တရားရုံးတွင် စတင် တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၀ ရက်တွင် ရသ အပါအဝင် သုံးဦးကို ခရိုင်တရားရုံးတွင် မူးယစ်ပုဒ်မတို့ဖြင့် တရားစွဲဆိုပြီး စက်တင်ဘာ ၁၇ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

အဆိုတော် ရသကို ချမ်းမြသာစည်မြို့ နယ်အတွင်းရှိ ဧည့်ရိပ်မွန်တစ်ခုတွင် မူးယစ်ဆေးဝါးများနှင့်အတူ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မူးယစ်ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မူးယစ်တပ်ဖွဲ့စု ၁၈ မှ ရဲအုပ်လင်းထွန်းနှင့် အဖွဲ့သည် မူးယစ်သတင်းအရ မူးယစ်ဆေးဝါးနှင့် အိမ်ဝင်ရောက် ရှာဖွေခွင့် ဝရမ်းတို့ဖြင့် ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်ဇေယျလမ်း ၄၉ လမ်းနှင့် ၅၀ လမ်းကြားရှိ ဧည့်ရိပ်မွန်တစ်ခုသို့ ဝင်ရောက် ရှာဖွေခဲ့ရာ အခန်းတစ်ခုတွင် ရဲမင်းသိန်း (ခ) ရသနှင့်အတူ မျိုးတင့်၊ ခေမီ (ခ) ဗျာတာမီး တို့ သုံးဦးကို တွေ့ရှိရပြီး အိပ်ရာဘေး စားပွဲပေါ်တွင် WY လိမ္မော်ရောင် ဆေးပြား ၃၀၊ ပိုက်နှစ်ပိုက်၊ အနီရောင်ပိုက်အတွင်း ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၂၅ပါ တစ်ပိုက်၊ အနီရောင်ပိုက်အတွင်း ဆေးပြား ငါးပြားပါ နှစ်ပိုက် စုစုပေါင်း ၉၅ ပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ထို့နောက် ရေချိုးခန်း မှန်တင်ခုံပေါ်မှ တစ်ရှူးအစိုဘူးအတွင်း ထည့်ထားသည့် အပြာရောင် ပလတ်စတစ်အိတ်များထဲမှ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းဆေးပြား ၁၆၅၅ ပြား၊ အလေးချိန် ၁၆၅ ဒသမ ၅ ဂရမ် ၊ ကာလတန်ဖိုးကျပ် ၈၂၇၅၀၀၀ တို့နှင့်အတူ လက်ကိုင်ဖုန်း သုံးလုံးတို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိခဲ့သည့် ရဲမင်းသိန်း (ခ) ရသ (၃၅နှစ်)၊ မျိုးတင့် (၂၆ နှစ်) နှင့် ခေမီ (ခ) ဗျာတာမီး (၂၀ နှစ်) တို့ကို အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မယ(ပ)၁၁/၂၀၁၈၊ မူးစိတ်ပုဒ်မ-၁၉က/ ၂၁တို့ဖြင့် အမှုဖွင့်ပြီး မန္တလေးခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

Most Read

Most Recent