မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်၌ လူငယ်အချင်းချင်း စကားများ ရန်ဖြစ်ကြရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ

မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်၌ လူငယ်အချင်းချင်း စကားများ ရန်ဖြစ်ကြရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
Published 11 September 2018

မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် (၁၁) လမ်း အောက်ပိုင်း၌ စက်တင်ဘာ ၉ ရက် ည ၁၀ နာရီခွဲခန့်က လူငယ်အချင်းချင်း စကားများ ရန်ဖြစ်ကြရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် (၉) လမ်း အောက်ပိုင်းနေ မောင်မျိုးခန့်နောင် (၁၈) နှစ် (ဘ) ဦးရန်နောင်စိုး၊ သီရိမြိုင်ရပ်ကွက် (၁၀) လမ်း အောက်ပိုင်းနေ မောင်ကြည်နိုင်ထွေး (၁၇) နှစ် (ဘ) ဦးကြည်ဝင်းနှင့် တခြားလူငယ် တစ်ဦးတို့မှာ သီရိမြိုင်ရပ်ကွက် (၁၁) လမ်း အောက်ပိုင်းတွင် စက်ဘီးတွန်း၍ လမ်းလျှောက်လာနေစဉ် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် အောက်လမ်းမကြီး၌ နေထိုင်သူများ ဖြစ်သည့် ထက်ဝေစိုး (၂၁) နှစ် (ဘ) ဦးမြင့်အောင်၊ ကောင်းထက် (၂၃) နှစ် (ဘ) ဦးစိန်ဝင်း၊ သီရိမြိုင်ရပ်ကွက် (၁၁) လမ်းအောက်ပိုင်းနေ ထွန်းထွန်းဝင်း (၁၈) နှစ် (ဘ) ဦးကျော်ဝင်ထွန်းတို့ သုံးဦး မောင်းနှင်လာသည့် ဆိုင်ကယ်၏ မီးရောင်မှာ ၎င်းတို့မျက်နှာအား မီးရောင်လာထိုး၍ မောင်မျိုးခန့်နောင် က ဆဲဆိုလိုက်သဖြင့် ထက်ဝေစိုး၊ ကောင်းထက်၊ ထွန်းထွန်းဝင်းတို့ သုံးဦးနှင့် မောင်မျိုးခန့်နောင်တို့ သုံးဦးတို့မှာ စကားများ ရန်ဖြစ်ကြပြီး ထက်ဝေစိုးက မောင်မျိုးခန့်နောင်နှင့် ကြည်နိုင်ထွေးတို့အား ဓားဖြင့် ထိုးပြီး ထွက်ပြေးသွားကြောင်း၊ ထိုသို့ ဓားဖြင့် ထိုးခြင်းကြောင့် မောင်မျိုးခန့်နောင်တွင် ဘယ်ဘက်ညှပ်ရိုးအောက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ မောင်ကြည်နိုင်ထွေးတွင် ဘယ်ဘက် ရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး မောင်မျိုးခန့်နောင်မှာ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း မုပွန်နယ်မြေ ရဲစခန်းထံမှ သိရသည်။

“ညက စကားများရန်ဖြစ်ပြီး ဓားထိုးမှု ဖြစ်ခဲ့တဲ့သူတွေကို ညတွင်းချင်းပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိမှာတော့ ရာဇသတ်ကြီး ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားပါတယ်”ဟု မုပွန်နယ်မြေရဲခစန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထက်ဝေစိုး၊ ကောင်းထက်၊ ထွန်းထွန်းဝင်းတို့ သုံးဦးအပေါ် မုပွန်နယ်မြေရဲစခန်းမှ (ပ) ၈၀၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂/ ၁၁၄/ ၃၂၆ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent