<

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းသွားပြီဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကာ ကျောင်းများ ပြန်လည် ဖွင့်လှစ်

ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်သည့် တနင်္သာရီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းကို တွေ့ရစဉ်

တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းသွားပြီဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကာ ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ တနင်္သာရီမြစ်ရေမှာ ပြီးခဲ့သည့် နှစ်လကျော်မှ စတင်ပြီး မြစ်ရေကြီးမှု ဖြစ်ပေါ်ခဲ့ကာ တနင်္သာရီမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာပေါင်း ၃၀ ကျော်မှာ ရေဘေးသင့်ခဲ့ပြီး လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။ နှစ်လအတွင်း မြစ်ရေကြီးမှု လေးကြိမ်ဆက်တိုက် ခံစားခဲ့ရကာ ဒေသခံများ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

“ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရေကျသွားတဲ့ ကျေးရွာတွေမှာ သောက်သုံးရေအတွက် ရေတွင်းရေကန်တွေ ပြန်ဖော်နေပါတယ်။ ဆေးခတ်တာတွေ လက်ရှိ ဦးစားပေး လုပ်ဆောင်နေတယ်။ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ လယ်တွေ မျိုးစပါး ပြန်လည်ပေးအပ်နိုင်ရေးအတွက် စီစဉ်ထားပြီး ဖြစ်ပါတယ်။ နောက်တစ်ချက်က နေအိမ်ပြိုကျသွားတာတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် စာရင်း ကောက်ယူနေပါတယ်။ တိုင်းဒေသကြီး အစိုးရကလည်း ညွှန်ကြားထားတာ ရှိပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ ပြောထားတဲ့အတွက် မြို့နယ် ထွေအုပ်ကလည်း စာရင်းတွေ ကောက်ယူပြီး ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ကျောင်းတွေ အားလုံးလည်း ပြန်လည် ဖွင့်လှစ်နေပါပြီ။ မြစ်ရေက စိုးရိမ်ရေမှတ်အောက်ကို ပြန်လည် ကျဆင်းသွားပါပြီ။ အခု ၁၂ ပေကျော်ကျော်မှာ ရှိနေပါတယ်” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့် လယ်ယာ/ဥယျာဉ်များ အဓိက လုပ်ကိုင်သည့် တနင်္သာရီမြို့နယ်အတွင်းမှ ဒေသခံများမှာ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ဥယျာဉ်များစွာ ဆုံးရှုံးခဲ့သလို လယ်ဧက ၂၀၀၀ ကျော်မှာလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

“ပြည်ထောင်စု အစိုးရအဖွဲ့က လယ်သမားတွေအတွက် စပါးစိုက်မယ့် လယ်တစ်ဧကအတွက် မျိုးစပါး တစ်တင်းနှုန်းနဲ့ လောလောဆယ် ပေးထားတာ ရှိပါတယ်။ အဲဒီတော့ တစ်ဧကကို တစ်တင်းနှုန်းနဲ့ ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ရေနစ်မြုပ်ခဲ့တဲ့ လယ်ဧကတွေက ၂၀၇၀ ကျော်ပါတယ်။ ကျွန်တော်တို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း စတင်နေပါပြီ။ ပြည်ထောင်စုအစိုးရအဖွဲ့က တစ်ဧကကို တစ်တင်းနှုန်းပဲ ပေးမယ်ဆိုတော့ ဒေသရဲ့လိုအပ်ချက်အရ ဒီမှာရှိတဲ့ လယ်တွေက မျိုးစပါးကို တစ်ဧကကို နှစ်တင်းနှုန်း ကြဲတဲ့အတွက် မျိုးစပါးလိုအပ်မှုတော့ ရှိနေပါတယ်” ဟု ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။

တနင်္သာရီမြစ်ရေကြီးမှု ဖြစ်နေစဉ်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာရောက်ကြည့်ရှုခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မကြန့်ကြာစေဘဲ ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားထားကြောင်း သိရသည်။ စာသင်ကျောင်းများအားလုံး ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ပြီး တနင်္သာရီ မြစ်ရေကြီးမှု ဖြစ်ပွားခဲ့သည့် နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ရေတွင်း၊ ရေကန် ပြန်လည်သန့်စင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

September 11, 2018














Copy Protected by Chetan's WP-Copyprotect.