<

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးအနားရှိ ကျေးရွာများမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်နေသည်ဟု သမ္မတထံ တိုင်ကြားစာနှင့် ပတ်သက်၍ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံများနှင့် သက်ဆိုင်ရာအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးအနားရှိ ကျေးရွာများမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်နေသည်ဟု သမ္မတထံ တိုင်ကြားစာနှင့် ပတ်သက်၍ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံများနှင့် သက်ဆိုင်ရာအဖွဲ့တို့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသခံများအား သက်ဆိုင်ရာအဖွဲ့က မေးမြန်းခဲ့သည်မှာ စွန့်ပစ်ရေဆိုးများသည် ဘယ်ကနေ စွန့်ပစ်သလဲ၊ အက်စစ်အငွေ့များသည်လည်းပဲ ဘယ်ကနေ လာသလဲ၊ ဒေသခံများ စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများမှာ ဘယ်သို့မည်ပုံ ထိခိုက် ပျက်စီးသလဲဟု မေးမြန်းခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် ဆည်းတဲကျေးရွာဟောင်းမှ ဒေါ်ရီဝင်းက ပြောကြားသည်။

“သဘာဝပတ်ဝန်းကျင် ဆိုတဲ့အခါကျတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးမြန်းတယ်။ ဘာတွေ ဆွေးနွေးတုန်းဆိုတော့ စွန့်ပစ်ရေတွေက ဘယ်ကနေ ဘယ်လို ထုတ်တာတုံး၊ အက်စစ် အငွေ့တွေက ဘယ်လိုလာတာလဲ၊ အသီးအပင်တွေ စိုက်တဲ့အခါကျတော့ ဘယ်လိုတွေ ပျက်စီးတာတုံး စတာတွေကို အကုန်မေးမြန်းခဲ့ပါတယ်။ ကျွန်မတို့ဘက်ကလည်း ကြေးနီစီမံကိန်းထဲကနေ စွန့်ပစ်တဲ့ ရေဆိုးတွေ လာတဲ့အတွက် တောင်သူတွေ လုပ်ကိုင်လို့ မရဘူး။ အသီးအပင်တွေ စိုက်ပျိုးလို့ မရဘူး။ ဒါတွေကို အကုန်ပြောပြခဲ့တာပါ” ဟု ဒေါ်ရီဝင်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ကျောက်ခဲစက် လည်ပတ်မှုကြောင့် ဒေသခံကျေးရွာများဆီသို့ အမှုန့် များမှာ ပျံ့နှံ့မှုရှိခဲ့ကြောင်း၊ အက်စစ် အငွေ့များသည် ဒေသခံများ နေထိုင်သည့် လူနေအိမ်များပေါ်တွင် ကျရောက်လာမှုကြောင့် မိုးရွာသည့်အခါ ယင်းမိုးရေသည် သောက်သုံး၍ မရကြောင်း၊ ဆည်းတဲရွာဟောင်းအနီးရှိ ဒေသခံများ သောက်သုံးနေသည့် မိုးရေကန်သည်လည်း သောက်သုံး၍ မရကြောင်း ဒေသခံများက သက်ဆိုင်ရာသို့ ဆွေးနွေး တင်ပြခဲ့ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မုံရွာသို့ လာရောက်ခဲ့စဉ်အခါက ဆားလင်းကြီးမြို့နယ် ဆည်းတဲရွာဟောင်းတွင် နေထိုင်သည့် ဒေသခံတစ်ဦးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အက်စစ်ရေဆိုးများ စွန့်ပစ်မှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးခြင်း၊ ကျောက်မိုင်းခွဲမှုကြောင့် အနီးအနားရှိ လူထုမှာ စိုးရိမ်ထိတ်လန့်နေရခြင်း တို့ကြောင့် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တိုင်ကြားခဲ့ကြကြောင်း သိရသည်။

 

September 11, 2018














Copy Protected by Chetan's WP-Copyprotect.