မွန်ပြည်နယ်တွင် ကန်ထရိုက်လုပ်ငန်းရှင်များက ရှယ်ယာ ကျပ်ခြောက်ဘီလျံခန့် ကနဦးထည့်ဝင်ပြီး ပထမဆုံး အများပိုင်ကုမ္ပဏီ ဖွဲ့စည်း

မွန်ပြည်နယ်တွင် ကန်ထရိုက်လုပ်ငန်းရှင်များက ရှယ်ယာ ကျပ်ခြောက်ဘီလျံခန့် ကနဦးထည့်ဝင်ပြီး ပထမဆုံး အများပိုင်ကုမ္ပဏီ ဖွဲ့စည်း
Published 11 September 2018

မွန်ပြည်နယ် မော်လမြိုင်တွင် လိုင်စင်ရ ကန်ထရိုက်တာ လုပ်ငန်းရှင် ၄၁ ဦးက အစုရှယ်ယာ ကျပ်ခြောက်ဘီလျံခန့် ကနဦး ထည့်ဝင်ကြပြီး မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီကို စက်တင်ဘာ ၉ ရက် ညနေပိုင်း၌ ငွေမိုးဟိုတယ်၌ ကျင်းပ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“အဓိကတော့ ဆောက်လုပ်ရေးလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်သွားပါမယ်။ အသင်းဝင်အများစုက ဆောက်လုပ်ရေး အတွေ့အကြုံတွေ များတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းကို ဦးစားပေး လုပ်ပါမယ်။ ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်တဲ့နေရာမှာ အခက်အခဲတွေ ကြုံရရင် အများပိုင် ဆိုတဲ့အတိုင်း စုပေါင်းအားနဲ့ ဆောင်ရွက်မယ်။ အသင်းဥက္ကဋ္ဌ ဖြစ်လာတဲ့အတွက် အသင်းအောင်မြင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားပါမယ်။ လောလောဆယ် အစုရှယ်ယာဝင် ၄၀ ကျော် အစုရှယ်ယာ ခြောက်ဘီလျံနဲ့ စပါမယ်။ ထပ်ပြီး ဖိတ်ခေါ်ပါတယ်။ ပထမဆုံး အများပိုင်အနေနဲ့ စပြီး ဆောင်ရွက်တာပါ။ နောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် သိအောင် Shearing လုပ်ဖို့ ရှိတယ်။ ပြည်နယ်အသင်းမှာ မြို့နယ် ကိုယ်စားလှယ်တွေလည်း ပါတော့ ၁၀ မြို့နယ်စလုံး အသိပေးသွားမှာပါ။ အစုရှယ်ယာ တစ်စုကို ပုံမှန်အားဖြင့် တစ်သောင်း။ ၁၀ စု ဝယ်ရင် တစ်သိန်းပေါ့။ အဲဒီလိုလည်း ဝင်လို့ ရပါတယ်။ အများပိုင်အနေနဲ့ ဆောင်ရွက်မှာပါ။ နောက်ပိုင်း ကုမ္ပဏီ မှတ်ပုံတင်လိုင်စင်ကျပြီး ရှယ်ယာဟိုဒါ ထုတ်ရောင်းလို့ရတဲ့အဆင့် ရောက်လာမှာပါ။ အဲဒီအဆင့်ကျရင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားမှာပါ” ဟု ဥက္ကဋ္ဌ ဦးအောင်မိုးကျော်က ပြောကြားသည်။

အဆိုပါ အများပိုင်ကုမ္ပဏီသို့ ကနဦး အစုရှင် ၄၀ ကျော်က ကျပ်သိန်း ၃၀ မှ ကျပ် သိန်း ၅၀၀၀ အထိ ဆန္ဒပြု ပါဝင်ခဲ့ကြပြီး တစ်စုကို ကျပ်တစ်သောင်း သတ်မှတ်ထားကြောင်း၊ ယင်းဖွဲ့စည်းမှုကို မြန်မာလိုင်စင်ရ ကန်ထရိုက်တာများ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်မှ တာဝန်ရှိသူများက လာရောက်ကြီးကြပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent