ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ပိုလျှံအပ်နှံငွေများနှင့် ပတ်သက်ပြီး အမှန်တကယ် လိုအပ်သည်များကိုသာ တောင်းခံရန် ညွှန်ကြားထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ပြည်ထောင်စုလွှတ်တော်တွင် ပြောကြား

ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ပိုလျှံအပ်နှံငွေများနှင့် ပတ်သက်ပြီး အမှန်တကယ် လိုအပ်သည်များကိုသာ တောင်းခံရန် ညွှန်ကြားထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ပြည်ထောင်စုလွှတ်တော်တွင် ပြောကြား
Published 11 September 2018

စက်တင်ဘာ ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ရစဉ်

ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ပိုလျှံအပ်နှံငွေများနှင့် ပတ်သက်ပြီး အမှန်တကယ် လိုအပ်သည်များကိုသာ တောင်းခံရန် ညွှန်ကြားထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီးက “ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ပိုလျှံငွေအပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အမှန်တကယ် လိုအပ်သည်များကိုသာ တောင်းခံဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမှာစာထုတ်ပြန်၍ ညွှန်ကြားခဲ့ပါတယ်။ ပြည်ထောင်စုမှာ ဖြည့်စွက်ခွင့်ပြုငွေမှ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲမှုတွေကို ခွင့်မပြုပါ။ ဖြည့်စွက်ခွင့်ပြုငွေမှ ပိုလျှံငွေအပ်နှံမှုကိုလည်း ကြီးလေးတဲ့ ချို့ယွင်းချက်အဖြစ် သတ်မှတ်ထားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုလည်း ယင်းကဲ့သို့ ဆောင်ရွက်ဖို့ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေ တိုးတက်မှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု၏ ရငွေသုံးငွေ တိုးတက်လာသည့်နည်းတူ တိုင်းဒေသကြီး၊ ပြည်နယ်အရအသုံးများလည်း တိုးတက်လာသည့် သဘာဝအရ နှစ်စဉ် ပိုမိုတိုးတက် ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်များတွင် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် ပြည်ထောင်စုမှ ဘဏ္ဍာငွေ ဖြည့်ဆည်းခြင်းများအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်များအား ကိုယ်ပိုင်ဘဏ္ဍာငွေအပေါ် ရပ်တည်နိုင်ရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အကြား ဘဏ္ဍာငွေ ခွဲဝေကျင့်သုံးမှုပုံစံကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အဆင့်ဆင့် တိုးတက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အထွေထွေ ပိုလျှံရန်ပုံငွေစာရင်းသို့ ဘဏ္ဍာရေးနှစ်ကျော်လွန်ပြီးမှ ပိုလျှံငွေပြန်လည်အပ်နှံခြင်းနှင့် ဖြည့်စွက်ခွင့်ပြုငွေတွင် ပိုငွေဖြစ်ပေါ်ခြင်း၊ တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းနှင့် မကိုက်ညီခြင်းနှင့် နှစ်အလိုက် ပိုလျှံရန်ပုံငွေ ပြန်လည်အပ်နှံရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့ရကြောင်း၊ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းနှင့် မကိုက်ညီခြင်း၊ တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းကို ကိုးကားဆောင်ရွက်ခြင်း ဖြစ်သော်လည်း ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် အလေးထားမှုကို ထိခိုက်စေသည်ဟု သုံးသပ်သည့်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းထားသည်။

Most Read

Most Recent