အစိုးရတစ်ဖွဲ့နှင့်တစ်ဖွဲ့အတွင်း ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုံးသပ်ပြီး ဂတိစွဲ၊ ပုဂ္ဂိုလ်စွဲကင်းစွာဖြင့် နိုင်ငံတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်းများကိုသာ ရွေးချယ်ပေးရန် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးဟောပြော

အစိုးရတစ်ဖွဲ့နှင့်တစ်ဖွဲ့အတွင်း ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုံးသပ်ပြီး ဂတိစွဲ၊ ပုဂ္ဂိုလ်စွဲကင်းစွာဖြင့် နိုင်ငံတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်းများကိုသာ ရွေးချယ်ပေးရန် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးဟောပြော
Published 11 September 2018

အစိုးရတစ်ဖွဲ့နှင့်တစ်ဖွဲ့အတွင်း ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုံးသပ်ပြီး ဂတိစွဲ၊ ပုဂ္ဂိုလ်စွဲကင်းစွာဖြင့် နိုင်ငံတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်းများကိုသာ ရွေးချယ်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း၏ အရည်အချင်းနှင့် ကိုယ်စားပြုသောပါတီ၏ မူဝါဒများကို ဆန်းစစ် လေ့လာရန် လိုအပ်ပြီး အနာဂတ်အတွက် ပစ္စုပ္ပန်နှင့် အတိတ်ကာလ ဆောင်ရွက်ချက်များကို နှိုင်းယှဉ်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ကာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ကိုယ်စားလှယ်က အပြောနှင့်မဟုတ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည် ဆိုသည်ကို ပြည်သူများ ကိုယ်တိုင် သိရှိခဲ့ကြပြီးဖြစ်သည်ဟု ဦးပိုက်ထွေးက ပြောကြားသည်။

“မဲဆန္ဒရှင် ပြည်သူများအနေနဲ့ စနစ်တစ်ခုနဲ့တစ်ခု၊ အစိုးရတစ်ဖွဲ့နဲ့ တစ်ဖွဲ့အတွင်း ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုံးသပ်ပြီး ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟဆိုတဲ့ ဂတိစွဲ၊ ပုဂ္ဂိုလ်စွဲကင်းစွာဖြင့် ကိုယ့်နိုင်ငံ တည်တံ့ခိုင်မြဲရေးနဲ့ ကိုယ့်နိုင်ငံသား အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းဆုံး သယ်ပိုးဆောင်ရွက်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းများကိုသာ မှန်ကန်စွာ ရွေးချယ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု ဦးပိုက်ထွေးက ပြောကြားသည်။

ဖြတ်သန်းလာခဲ့သော မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက်တွင် ပြည်သူများအနေဖြင့် ပြည်သူ့အကျိုးသယ်ပိုးနိုင်မည့်သူ၊ အမျိုးသားအကျိုးစီးပွား ဆောင်ရွက်နိုင်မည့်သူများကိုသာ သုံးသပ်ဆုံးဖြတ်ပြီး ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြသော်လည်း ယင်းသို့ ရွေးချယ်ရာတွင် လူမှန် နေရာမှန်ဖြစ်အောင် လူတော်လူကောင်းများကို ရွေးချယ်ပေးနိုင်မှသာ မျှော်လင့်ချက် ပြည့်ဝနိုင်ပြီး ရွေးချယ်မှုအတွက် အမြဲတမ်း ဂုဏ်ယူနိုင်မည်ဖြစ်သည်ဟု ဦးပိုက်ထွေးက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ပါတီ၏ မှန်ကန်သော မူဝါဒများကို မှတ်ကျောက်တင်ခံနိုင်သကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက်လည်း မျိုးဆက်သစ်များနှင့် ပြင်ဆင်ဖွဲ့စည်းထားပြီး လုပ်နည်းလုပ်ဟန်၊ စဉ်းစားတွေးခေါ်မှု အသစ်များနှင့် ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်မည့် အရည်အချင်း ပြည့်ဝသော မျိုးဆက်သစ်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ထားပြီးဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“ပြည်သူက ယုံကြည်လို့ ရွေးချယ်တာဝန်ပေးခဲ့တဲ့ ကျွန်တော်တို့ပါတီ ကိုယ်စားလှယ်များကလည်း လွှတ်တော်တွင်းမှာရှိတဲ့ အင်အားနဲ့ ပြည်ပရဲ့ ဗိုလ်ကျစွက်ဖက်မှုကို ကာကွယ်နေကြပါတယ်။ နိုင်ငံသားမဟုတ်သူတွေ နယ်မြေလုလာမှာကို တားဆီးနေကြပါတယ်။ ပြည်သူ့စီးပွားဘဝအတွက် မတရားတဲ့ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ တောင်းဆို တိုက်ပွဲဝင်နေကြပါတယ်။ ပြည်သူ့ဘ၀ လုံခြုံအေးချမ်းရေးအတွက် အကြမ်းဖက်မှုကို အမြစ်ဖြတ်ဖို့ တောင်းဆိုနေကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက်ဆိုလျှင် မည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်မဆို လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိနေပြီး ပြည်သူ့အကျိုး သယ်ပိုး ဆောင်ရွက်သည့်နေရာတွင် ရန်သူမရှိ၊ မိတ်ဆွေသာရှိသည်ဆိုသည့် စိတ်ဓာတ်ကို ကိုင်စွဲထားသည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရ တာဝန်ယူစဉ်က အုတ်မြစ်ချပေးခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အဆင့်ဆင့် တိုးတက်ခိုင်မာရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်မှု ဆက်လက်တိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘ၀ ပိုမိုမြှင့်တင်နိုင်ရေးတို့ကို မျက်ခြည်မပြတ် ဆောင်ရွက်ရမည့် အချိန်ဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာမည့် ပြည်ပစွက်ဖက်မှုများကိုလည်း စစ်မှန်သော မျိုးချစ်စိတ်ဓာတ် အခြေခံအားများဖြင့် တွန်းလှန်ရမည့် အချိန်ဖြစ်သည်ဟု ဦးပိုက်ထွေးက ပြောကြားသည်။

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုကို စက်တင်ဘာ ၃ ရက်တွင် စတင်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။

Most Read

Most Recent