<

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စွဲချက်တင် အမိန့်ချ

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား  အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)  တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၀ ရက် (ယနေ့)  ရုံးချိန်းတွင် စစ်တွေခရိုင် တရားရုံးက ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အပေါ် ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကနဦး တရားစွဲဆိုထားသည့် ပုဒ်မ သုံးခုအနက်မှ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) အား ပလပ်ခဲ့ကြောင်း သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား နံနက် ၁၀ နာရီခန့်တွင် စတင်ရုံးထုတ်ခဲ့ပြီး စစ်ဆေးအမိန့်ချမှတ်မှုမှာ တစ်နာရီခွဲခန့် ကြာမြင့်ခဲ့ကာ ရုံးချိန်းတွင် ၄င်းတို့ကို ၀န်းရံသူ ၂၀၀ ခန့်လည်း တရားရုံးသို့ လာရောက်ခဲ့ကြောင်း သိရသည်။

“ပုဒ်မ နှစ်ခုကိုတော့ စွဲချက်တင်လိုက်တယ်။ တစ်ခုကိုတော့ ပလပ်လိုက်တယ်” ဟု စစ်တွေခရိုင် တရားရုံးတွင် ရောက်ရှိနေသည့် The Daily Eleven သတင်းထောက်အား စွပ်စွဲခံရသူများအဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးကျော်ညွန့်မောင်က အတည်ပြု ပြောကြားပေးခဲ့သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ဇန်န၀ါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုဖြင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇(၁) တို့ဖြင့် တရားစွဲဆိုခဲ့ကာ ဇန်န၀ါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်အား ဖမ်းဆီးခဲ့ပြီး ဇန်န၀ါရီ ၁၈ ရက်က ဒေါက်တာ အေးမောင်အား စစ်တွေမြို့ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့သည်။

ယင်းအမှုများနှင့် ပတ်သက်ပြီး ရုံးချိန်းပေါင်း ၂၀ ကျော် ပြုလုပ်ခဲ့ကာ စွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

September 10, 2018














Copy Protected by Chetan's WP-Copyprotect.