<

မာဒါဂါစကာ-ဆီနီဂေါပွဲမစမီ ပရိသတ်များ စုပြုံတိုးဝှေ့မှုကြောင့် အနည်းဆုံး(၁)ဦးသေဆုံးပြီး ဒဏ်ရာရသူ (၄၀)နီးပါးရှိခဲ့

အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သော မာဒါဂါစကာနှင့် ဆီနီဂေါအသင်းတို့၏ ပွဲမစမီတွင် ပရိသတ်များ စုပြုံတိုးဝှေ့မှုကြောင့် အနည်းဆုံး(၁)ဦးသေဆုံးပြီး ဒဏ်ရာရသူ (၄၀)နီးပါးရှိခဲ့ကြောင်း သိရှိရသည်။

Photo: AFP

ယခုပွဲကို မာဒါဂါစကာနိုင်ငံ၏မြို့တော် အန်တာနာနာရီဗိုမြို့ရှိ ပရိသတ်(၃၀၀၀၀) ၀င်ဆံ့သော မာဟာမာဆီနာကွင်းတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ မာဒါဂါစကာပရိသတ်များသည် ပြိုင်ဘက်ဆီနီဂေါအသင်းတွင် လီဗာပူးလ်ကြယ်ပွင့်ကစားသမား မာနေ ပါဝင်လာမည်ဖြစ်၍ ပွဲမစမီ (၉)နာရီအလိုခန့် ကတည်းက တန်းစီစောင့်ဆိုင်းခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် ပွဲစခါနီးတွင် ၀င်ပေါက်တစ်ခုတည်းကိုသာ ဖွင့်လှစ်ပေးခဲ့ရာ ပရိသတ်များက အလုအယက်တိုးဝှေ့ဝင်ရောက်ခဲ့ကြခြင်းကြောင့် ယခုကဲ့သို့ ၀မ်းနည်းဖွယ်ဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

Photo: PRESIDENCE MADAGASCAR

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မာဒါဂါစကာဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ” ဆေးရုံကို စုစုပေါင်းလူနာ(၄၁)ယောက် ရောက်လာပါတယ်။ သေဆုံးနေတဲ့သူတစ်ယောက်ပါပြီး ဦးခေါင်းနဲ့ရင်ဘတ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့သူ (၂)ယောက်ပါဝင်ခဲ့ပါတယ်” ဟု အတည်ပြုပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်နှင့်ရင်ဆိုင်ခဲ့ရသည့် ပရိသတ် တစ်ဦးကလည်း ”ကျွန်တော် မနက်(၆း၀၀) နာရီကတည်းက တန်းစီခဲ့တာပါ။ ၀င်ပေါက်နဲ့ (၅)ပေလောက်အလိုမှာ အခုလိုဖြစ်ခဲ့တာပါပဲ” ဟု ဆိုခဲ့သည်။ ယခုလိုဖြစ်ပွားခဲ့သော်လည်း ပွဲကိုမူလသတ်မှတ်ထားသည့်အတိုင်း ဒေသစံတော်ချိန် နေ့လယ်(၂း၃၀)နာရီတွင် စတင်ခဲ့ပြီး ပရိသတ်(၂၀၀၀၀)၀န်းကျင် ၀င်ရောက်အားပေးခဲ့သည်။ ယင်းပွဲမှာ (၂-၂)ရလဒ်ဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။

September 10, 2018














Copy Protected by Chetan's WP-Copyprotect.