ချင်းတွင်းမြစ်ကြောင်းအတွင်း ခရီးသည်သယ်ယူပို့ဆောင်ရေးရေယာဉ်များ တည်ဆောက်ပြေးဆွဲနိုင်ရန် နယ်သာလန်အစိုးရ၏ ကူညီမှုဖြင့် လုပ်ငန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မည်

ချင်းတွင်းမြစ်ကြောင်းအတွင်း ခရီးသည်သယ်ယူပို့ဆောင်ရေးရေယာဉ်များ တည်ဆောက်ပြေးဆွဲနိုင်ရန် နယ်သာလန်အစိုးရ၏ ကူညီမှုဖြင့် လုပ်ငန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မည်
Published 10 September 2018

Grant Arrangement အား နယ်သာလန်နိုင်ငံ သံအမတ်ကြီးနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူးတို့ လက်မှတ်ရေးထိုးနေစဉ်

ချင်းတွင်းမြစ်ကြောင်းအတွင်း ခရီးသည် သယ်ယူပို့ဆောင်ရေး ရေယာဉ်များ တည်ဆောက်ပြေးဆွဲနိုင်ရန် နယ်သာလန် အစိုးရ၏ကူညီမှုဖြင့် လုပ်ငန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှု ပြုလုပ်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

နယ်သာလန်အစိုးရ၏ အထောက်အပံ့ဖြင့် Develop 2 Build Project အစီအစဉ်အရ ချင်းတွင်းမြစ်ကြောင်းအတွင်း ခရီးသည် သယ်ယူပို့ဆောင်ရေး ရေယာဉ်များ တည်ဆောက်ပြေးဆွဲရေး စီမံကိန်းနှင့် စပ်လျဉ်း၍လု ပ်ငန်းဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု ပြုလုပ်ရန်အတွက် Grant Arrangement  အား နယ်သာလန်နိုင်ငံ သံအမတ်ကြီးနှင့်  ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူးတို့ ပြီးခဲ့သည့် သြဂုတ်လအတွင်းက လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံက အပြည့်အ၀ အကုန်အကျခံ ဆောင်ရွက်ပေးသွားမှာပါ။ ဒီအစီအစဉ်အကောင်အထည်ဖော်နိုင်ပြီဆိုရင် ခန္တီး၊ ဟုမ္မလင်း၊ ကလေးဝနဲ့ မုံရွာအစရှိတဲ့ မြို့တွေအတွက် ခရီးသည်နဲ့ ကုန်စည်ဝန်ဆောင်မှုများအတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ယခုအစီအစဉ် အကောင်အထည်ဖော်နိုင်ရန်အတွက် လေ့လာဆန်းစစ်မှုအတွက် ကုန်ကျစရိတ်များကို နယ်သာလန်အစိုးရမှ အပြည့်အ၀ အကုန်အကျခံဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ချင်းတွင်းမြစ်ကြောင်းအတွင်း ခရီးသည်သယ်ယူပို့ဆောင်ရေး ရေယာဉ်များ တည်ဆောက်ပြေးဆွဲရေး စီမံကိန်းနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်း ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုရလဒ်များ ထွက်ပေါ်လာပြီးမှသာ လက်တွေ့အကောင်အထည်ဖော်သင့်သည်၊ မသင့်သည်ကို နိုင်ငံတော်အဆင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

ပြောင်းလဲလာသည့် သယ်ယူပို့ဆောင်ရေး စီးပွားရေးပုံစံအရ ခရီးသည်နှင့် ကုန်ကို သီးခြားပို့ဆောင်ပြီး ရာသီအလိုက် ပြေးဆွဲမောင်းနှင်မည့် ရာသီ၊ ကာလအလိုက် သင့်လျော်သည့် ရေယာဉ်များ ပြောင်းလဲတည် ဆောက်ရန်လိုအပ်ခြင်းကြောင့် ယခုကဲ့သို့ လေ့လာဆန်းစစ်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းတွင်းမြစ်ကြောင်းသည် မိုးရာသီကာလရေများချိန်အတွင်း ရေဝဲများဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ ချင်းတွင်းမြစ်ကြောင်းရှိ မုံရွာမှ ကနီအကြားတွင် ရွှေစာရေးဝဲ၊ ကနီမှ မင်းကင်းအကြားတွင် ဝက်သိုက်ဝဲ၊  မင်းကင်းမှ ကလေးဝအကြားတွင် ပေဝဲ၊ ကလေးဝမှ မော်လိုက်အကြားတွင် လောင်ဂရိတ်ဝဲနှင့် မစိန်ဝဲ၊ ဟုမ္မလင်းမှ ခန္တီးအကြားတွင် ကတိုးဝဲတို့သည် ချင်းတွင်းမြစ်ရေတက်ချိန်တွင်ဖြစ်ပေါ်လေ့ရှိပြီး အဆိုပါ ရေဝဲများအား အထူးဂရုပြု မောင်းနှင်ကြရန် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ  သတိပေးမှုများ ပြုလုပ်ရလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent