တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ဝန်ကြီးဌာနများက အမည်ပျက်စာရင်း သွင်းခံရသော ကုမ္ပဏီသာမက လက်မှတ်ရေးထိုးသည့် အင်ဂျင်နီယာ (PE/RSE) ကိုပါ ပူးတွဲ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ Website တွင် ကြေညာမည်

တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ဝန်ကြီးဌာနများက အမည်ပျက်စာရင်း သွင်းခံရသော ကုမ္ပဏီသာမက လက်မှတ်ရေးထိုးသည့် အင်ဂျင်နီယာ (PE/RSE) ကိုပါ ပူးတွဲ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ Website တွင် ကြေညာမည်
Published 9 September 2018

တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ဝန်ကြီးဌာနများက အမည်ပျက်စာရင်း သွင်းခံရသော ကုမ္ပဏီသာမက လက်မှတ်ရေးထိုးသည့်  အင်ဂျင်နီယာ (PE/RSE) ကိုပါ ပူးတွဲ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ Website တွင် ကြေညာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

နေပြည်တော်၌ စက်တင်ဘာ ၇ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ဘီးလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ကိုကိုဦး (ခ) ဦးအတွတ် မေးမြန်းသော တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော အစိုးရဌာန၊ အဖွဲ့အစည်းနှင့် တာဝန်ခံ တင်ဒါကော်မတီများ၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင့် တာဝန်၊ တင်ဒါအောင် ကုမ္ပဏီများ၏ ဖွဲ့စည်းပုံ၊ အောင်မြင်သည့် အခြေအနေ၊ အမည်ပျက်စာရင်း သွင်းခံရသော ကုမ္ပဏီများစာရင်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဖော်ပြပေးရန် အစီအစဉ်ရှိ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို ဒုတိယဝန်ကြီးက ဖြေကြားရာတွင်  အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို တောင်းခံလိုက်ပါမယ်။ သူတို့ Black List သွင်းထားတဲ့ ကုမ္ပဏီတွေ အမည်စာရင်းပေးပါ။ တောင်းခံလိုက်ပါမယ်။ ဒီအတိုင်းပါပဲ ဝန်ကြီးဌာနတွေကိုလည်း တောင်းခံလိုက်ပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ Website မှာ ဒါတွေကတော့ အမည်ပျက်စာရင်း သွင်းထားတယ်။ ဘယ်နှနှစ် သွင်းထားပါတယ်။ ဘယ်လောက်ဆိုင်းငံ့ လုပ်ထားတယ်ဆိုပြီး ကြေညာပေးပါ့မယ်။ ဒါကကုမ္ပဏီများနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပါတယ်။ အင်ဂျင်နီယာပိုင်းဆိုင်ရာမှာ ဒီကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းတဲ့ အခါမှာ သူက ဒီကုမ္ပဏီမှာထွက်ပြီး တခြားကုမ္ပဏီ တစ်ခုမှာ သွားလုပ်ရင် သူကလွတ်သလို ဖြစ်သွားတယ် ဆိုတာကို ထောက်ပြထားတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သူကလက်မှတ်ထိုးရတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်မှတ်ထိုးရသူကိုလည်း တွဲပြီးကြေညာပေးပါမယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ထို့ပြင် အင်ဂျင်နီယာနှင့် ပတ်သက်၍ အရေးယူမှု အပိုင်းသည် အင်ဂျင်နီယာ ကောင်စီက ဆောင်ရွက်ရခြင်းဖြစ်၍ အင်ဂျင်နီယာ ကောင်စီသို့လည်း အမည်စာရင်း ပေးပို့မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကုမ္ပဏီများအား အမည်ပျက်စာရင်း ထည့်သွင်းခြင်းနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ၂၀၁၃ ခုနှစ်မှစ၍ ဆောင်ရွက်ခြင်း မပြုတော့ကြောင်းနှင့် ကုမ္ပဏီများ ဥပဒေတွင် အမည်ပျက်စာရင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ မပါဝင်တော့သည့်အတွက် အမည်ပျက်စာရင်းကို ထုတ်ပြန်ကြေညာပေးမည် မဟုတ်တော့ဘဲ စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူရမည် ဖြစ်ကြောင်း၊ သို့သော်လည်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများ အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပီပြင်မှုမရှိခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အရည်အသွေး မပြည့်ဝခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် အရေးယူခံရခြင်းများ ရှိပါက အဆိုပါ ကုမ္ပဏီများကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနအလိုက် သော်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အလိုက် သော်လည်းကောင်း အမည်ပျက် စာရင်းသွင်း၍ အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ သတ်မှတ်ပြီး လုပ်ငန်းများ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရပ်စဲ၍ အမည်ပျက်စာရင်း တင်သွင်းကာ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် အမည်ပျက်စာရင်းသွင်း၍ အရေးယူထားသော ကုမ္ပဏီများစာရင်းကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများတွင် လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များတွင်လည်း တောင်းခံရယူနိုင်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

Most Read

Most Recent