အိမ်နီးချင်း ဆေးဝါးထုတ်လုပ်သည့် နိုင်ငံများမှ အရည်အသွေး ပြည့်မီသော ဆေးဝါးများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အကူအညီ ပေးစေလိုကြောင်း အိန္ဒိယနိုင်ငံ၌ပြုလုပ်သည့် ဝန်ကြီးအဆင့်အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင်ပြ

အိမ်နီးချင်း ဆေးဝါးထုတ်လုပ်သည့် နိုင်ငံများမှ အရည်အသွေး ပြည့်မီသော ဆေးဝါးများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အကူအညီ ပေးစေလိုကြောင်း အိန္ဒိယနိုင်ငံ၌ပြုလုပ်သည့် ဝန်ကြီးအဆင့်အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင်ပြ
Published 9 September 2018

ဆေးဝါးများ လက်လီလက်ကား ရောင်းချလျက်ရှိသည့် ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်များကို တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)

အိမ်နီးချင်းဆေးဝါး ထုတ်လုပ်သည့်နိုင်ငံများမှ အရည်အသွေး ပြည့်မီသော ဆေးဝါးများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးစေလိုကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စက်တင်ဘာ ၃ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ နိုင်ငံများ၏ (၇၁) ကြိမ်မြောက် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး၏ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တင်ပြဆွေးနွေးချက်များအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် ရရှိစေရေးအတွက် အကောင်အထည် ဖော်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည့် acess to essential medical products လုပ်ငန်းစဉ်များအား အမျိုးသား ကျန်းမာရေး စီမံချက်၌ ထည့်သွင်းရေးဆွဲထားကြောင်း၊ မြန်မာနိုင်ငံ၏ ဆေးရုံများတွင် လိုအပ်သည့် ဆေးဝါးပစ္စည်းများ၏ ရာခိုင်နှုန်း ၇၀ ခန့်ကို နိုင်ငံတော်အစိုးရက အခမဲ့စနစ်ဖြင့် ထောက်ပံ့ထားကြောင်း၊ ဆေးဝါးပစ္စည်းများ စနစ်တကျ သိုလှောင်၊ သိမ်းဆည်း ဖြန့်ဖြူးနိုင်ရေးနှင့် လိုအပ်ချက်များကို စနစ်တကျ မှာယူနိုင်ရေးနှင့် အလေအလွင့် နည်းပါးရေးအတွက် ကွန်ပျူတာ အခြေပြု Supply Change Management System တစ်ခုတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးမှ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ကူညီပေးရန်နှင့် အိမ်နီးချင်း ဆေးဝါးထုတ်လုပ်သည့် နိုင်ငံများမှလည်း အရည်အသွေးပြည့်မီသော ဆေးဝါးများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ကူညီပေးစေလိုကြောင်း တင်ပြဆွေးနွေးကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဧပြီလအတွင်းက ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဝန်ကြီးဌာနအောက်ရှိ ဆေးရုံကြီးများ၊ ဆေးရုံများ၊ ဒေသန္တရ/မိခင်ကလေး၊ ကျေးလက် ကျန်းမာရေးဌာန၊ ဌာနခွဲများတွင် မရှိမဖြစ် သုံးစွဲရမည့် ဆေးဝါးများကို ဆေးရုံ၊ ကျန်းမာရေးဌာန အဆင့်အလိုက် အဖြစ်အများဆုံး ရောဂါများအပေါ် မူတည်၍ ကျွမ်း ကျင်သူများ၊ ပါမောက္ခ ဆရာဝန်ကြီး များနှင့် တိုင်ပင်၍ တင်ဒါစနစ်ဖြင့် ဝယ်ယူခဲ့ပြီး ဖြန့်ဖြူးပေးခဲ့ကြောင်း နှင့် အစိုးရအနေဖြင့် ဝန်ကြီးဌာနသို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် သန်းပေါင်း  ၈၈၁,၇၆၉ ဒသမ ၁၁၄၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁,၁၁၆,၅၅၇ ဒသမ  ၀၉၂ ခွင့်ပြုပေးခဲ့ပြီး ယင်းရန်ပုံငွေများမှ ဆေးဝါးများဝယ်ယူရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၄၉,၂၉၅ ဒသမ ၆၉၀ ကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၆၈,၈၂၂ ဒသမ ၉၃၀ ကိုလည်းကောင်း သုံးစွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် ငှက်ဖျား၊ တီဘီ၊ HIV၊ ဆင်ခြေထောက်ရောဂါ၊ အနာကြီးရောဂါ စသော ရောဂါကင်းဝေးရေး စီမံချက်များအတွက် လိုအပ်သော ဆေးဝါးများနှင့် ကာကွယ်ဆေးများကို ကမ္ဘာ့ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းတို့၏ လှူဒါန်းမှုဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အဖြစ်နည်းသော ရောဂါများအတွက် ဆေးဝါးများ၊ ကုန်ကျစရိတ် ကြီးမားသော ဆေးဝါးများ၊ တိုင်းရင်းဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သောဆေးဝါးများ၊ လူနာတစ်ဦးချင်း၏ ရောဂါအပေါ် မူတည်၍ အခြားထပ်မံ လိုအပ်သော ဆေးဝါးများကို ဝန်ကြီးဌာနအနေဖြင့် အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသော်လည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ အသည်း၊ ကျောက်ကပ်၊ ရိုးတွင်းခြင်ဆီ အစားထိုး၊ အချို့သော ကင်ဆာရောဂါ အစရှိသော ရောဂါများ ကုသမှုအတွက် ဆေးဝါးများကိုမူ အပြည့်အ၀ ထောက်ပံ့မှု မပေးနိုင်သေး၍ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မြန်မာနိုင်ငံသည် ဝင်ငွေနည်းသော နိုင်ငံတစ်ခု ဖြစ်သော်လည်း ဆေးဝါးများ ဝယ်ယူရေးအတွက် ပိုမိုသုံးစွဲလျက်ရှိရာ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုရရှိရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ကြေညာထားသည်။

Most Read

Most Recent