ရန်ကုန်မြို့၌ ရှာဖွေဖော်ထုတ်ရန် ကျန်ရှိသော တီဘီလူနာ ၆၀၀၀ ခန့်အနက် ရိုးရိုးတီဘီလူနာများ သာမက ဆေးယဉ်ပါး တီဘီပိုး ကူးစက်ခံနေရသူများလည်း ပါဝင်နေ

ရန်ကုန်မြို့၌ ရှာဖွေဖော်ထုတ်ရန် ကျန်ရှိသော တီဘီလူနာ ၆၀၀၀ ခန့်အနက် ရိုးရိုးတီဘီလူနာများ သာမက ဆေးယဉ်ပါး တီဘီပိုး ကူးစက်ခံနေရသူများလည်း ပါဝင်နေ
Published 9 September 2018

တီဘီလူနာများအား ဆေးကုသမှုပေးနေသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့၏ ဆေးခန်းဝင်းအတွင်း ကြေညာထားသည့် အသိပေးကြေညာချက် တစ်ခုကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၌ ဆေးကုသမှုခံယူခြင်း မရှိသေးဘဲ ရှာဖွေဖော်ထုတ်ရန် ကျန်ရှိသော တီဘီဝေဒနာရှင် ၆၀၀၀ ခန့်အနက် ရိုးရိုးတီဘီ လူနာများသာမက ဆေးယဉ်ပါးတီ ဘီပိုးကူးစက်ခံ နေရသူများလည်း ပါဝင်နေကြောင်း ရန်ကုန်မြို့၌ စက်တင်ဘာ ပထမပတ်က ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာန ပူးပေါင်းဆောင်ရွက်သည့် “Cover Your Cough” ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရှာဖွေဖော်ထုတ်ရန် ကျန်ရှိသော တီဘီလူနာ ၆၀၀၀ ခန့်အနက် ရိုးရိုးတီ ဘီ ရောဂါခံစားနေရသူများသာမက  ဆေးယဉ်ပါးတီဘီပိုး ကူးစက်ခံနေ ရသူများပါ ပါဝင်နေကြောင်း၊ တစ်နိုင်ငံလုံး၏ ဆေးယဉ်ပါးဖြစ်ပွားသူများအနက် ထက်ဝက်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားနေပြီး  ရန်ကုန်မြို့တွင် နေထိုင်ခြင်းကြောင့် ဆေးယဉ်ပါး တီဘီဖြစ်ပွားရန် သုံးဆခန့်ပို၍ ကူးစက်နိုင်ခြေရှိနေကြောင်း နှင့် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်သော တီဘီရောဂါနှင့် အခြားရောဂါများအား ကာကွယ်သည့် ကောင်းမွန်သည့် အမူအကျင့်များကို ကျောင်းသား ကျောင်းသူများမှတစ်ဆင့် မိသားစုများ၊ ပြည်သူလူထုအကြား ပျံ့နှံ့စေရန် ရည်ရွယ်၍ “Cover Your Cough Campaign” ဆရာဖြစ်သင်တန်းကို ဆောင်ရွက်ခြင်းဖြစ်သည်။

အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ ရရှိသည့် အချက် အလက်များအရ ဆေးပုံမှန်မသောက်ခြင်း၊ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနှုန်း များခြင်း၊ တီဘီ/အိပ်ချ်အိုင်ဗွီရောဂါ  ယှဉ်တွဲဖြစ်ပွားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံသည် တီဘီရောဂါအဖြစ် အများဆုံး နိုင်ငံများတွင် လက်ရှိအချိန်အထိ ပါဝင်နေဆဲဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ တီဘီလူနာသစ်က လူဦးရေတစ်သိန်းမှာ ၃၆၁ ဦးနှုန်းရှိပြီး တီဘီရောဂါကြောင့် သေဆုံးနှုန်းက လူတစ်သိန်းမှာ ၄၇ ဦး နှုန်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သလိပ်ပိုးတွေ့ တီဘီလူနာ ၄၉၃၉၉ ဦးကုသပေးနိုင်ခဲ့ပြီး စုစုပေါင်းတီဘီ လူနာ ၁၃၁၇၇၅ ဦးကို ကုသနိုင်ခဲ့တယ်။ ရောဂါကုသမှု အောင်မြင်နှုန်းအရ ရာခိုင်နှုန်းအားဖြင့် ၈၀ ကျော် လောက်ရှိပေမယ့် လူနာတွေက တီဘီဆေး ပုံမှန်မသောက်တာ၊ ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားနှုန်းများတာ၊ တီဘီ/အိပ်ချ်အိုင်ဗွီရောဂါ ယှဉ်တွဲဖြစ်ပွားတာ၊ အာဟာရချို့တဲ့တာ၊ တီဘီလူနာတွေမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားတာတွေကြောင့် ရောဂါ အဖြစ်အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်” ဟု အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ ဒေါက်တာစည်သူအောင်က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ ၃၀၊ ဆေးယဉ်ပါး တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံ ၃၀ နှင့် တီဘီ/အိပ်ချ်အိုင်ဗွီ အဖြစ်အများဆုံး နိုင်ငံ ၃၀ တွင် ပါဝင်နေဆဲ ဖြစ်ကြောင်းနှင့်  ကမ္ဘာ့တီဘီရောဂါ ဖြစ်ပွားနှုန်း၊  သေဆုံးနှုန်းနှင့် တီဘီလူနာသစ် ဖြစ်ပွားနှုန်းတို့မှာ တဖြည်းဖြည်း ကျဆင်းလျက် ရှိသော်လည်း ကျဆင်းနှုန်းမှာ ခန့်မှန်းသည်ထက် အလွန်နှေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent