(၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ယနေ့ကျင်းပမည်

သြဂုတ် ၁၉ ရက်က ဘူကစ်ဂျာလီကွင်း၌ ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

(၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို သြဂုတ် ၃၀ ရက် (ယနေ့) ဒေသစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ် (မြန်မာစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပိတ်ပွဲအခမ်းအနားအား ပရိသတ်အရေအတွက် ၈၇,၀၀၀ ကျော်ဝင်ဆံ့သည့် ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ပြသမည်ဖြစ်သည်။ ယင်းအခမ်းအနားတွင် ပြိုင်ပွဲဝင်နိုင်ငံများမှ ကစားသမားများနှင့် တာဝန်ရှိသူများက ကွင်းအတွင်းဝင်ရောက်၍ ပရိသတ်များအား နှုတ်ဆက်မည်ဖြစ်ပြီး ၂၀၁၉ ပြိုင်ပွဲ အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံထံ ဆီးဂိမ်းစ်ပြိုင်ပွဲအလံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ (MASOC) သည် မူလက ပိတ်ပွဲအခမ်းအနားအား သြဂုတ် ၃၁ ရက်တွင်ကျင်းပရန် စီစဉ်ထားသော်လည်း ယင်းရက်မှာ မလေးရှားနိုင်ငံ၏ အမျိုးသားနေ့ (မာဒေးကား) နှင့် တိုက်ဆိုင်နေသလို စက်တင်ဘာ ၁ ရက်တွင်လည်း ဟာရီရာယာ ဘာသာရေးပွဲတော် ကျင်းပမည်ဖြစ်သောကြောင့် တစ်ရက်ရှေ့တိုး၍ သြဂုတ် ၃၀ ရက်တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ MASOC သည် ပိတ်ပွဲအခမ်းအနားအတွက် အကြိုလေ့ကျင့်မှုများအား အချိန်ယူပြင်ဆင်ထားသလို ကွင်းအတွင်း လာရောက်ကြည့်ရှုမည့် ပရိသတ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ဘတ်စ်ကားနှင့် ရထားလိုင်းစသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များကိုလည်း ကြိုတင်ပြင်ဆင်ထားပြီး သတ်မှတ်နေရာများတွင် စက်တင်ဘာ ၁ ရက် နံနက် ၂ နာရီအထိ ပြေးဆွဲပေးမည်ဖြစ်သည်။ ယင်းပွဲအတွက် လက်မှတ်များရောင်းချထားပြီး အွန်လိုင်းမှတစ်ဆင့် ပြန်လည်ရောင်းချသည့် ဈေးကွက်တွင် လက်မှတ်တစ်စောင်လျှင့် အနိမ့်ဆုံး ၇၀ ဒသမ ၆၈ ရင်းဂစ်မှ အမြင့်ဆုံး ၂၅၂၃ ဒသမ ၆၂ ရင်းဂစ်အထိ မြင့်တက်လျက်ရှိသည်။

သြဂုတ် ၁၉ ရက်က ကျင်းပခဲ့သည့် ဖွင့်ပွဲအခမ်းအနားကိုလည်း ဘူကစ်ဂျာလီ အားကစားကွင်း၌ပင် ကြီးကျယ်ခမ်းနားစွာပြုလုပ်ခဲ့ပြီး ပရိသတ်များ ကွင်းလုံးပြည့် တက်ရောက် အားပေးကြည့်ရှုခဲ့ကြသည်။ မလေးရှားဒုတိယ၀န်ကြီးချုပ် ဒေါက်တာ အာမက်ဇာဟစ်ဟာမီဒီက ကွာလာလမ်ပူ ဖွင့်ပွဲအခမ်းအနားမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်ကြောင်း ချီးကျူးပြောကြားထားသည်။