ကျောက်ဖြူမြို့တား တာပေါင်ကျိုးပေါက်မှု ဖြစ်ပွားရာ အရေးပေါ် ပြန်လည်ဆည်ဖို့ခဲ့ရပြီး ဒီရေဝင်ရောက်သည့် အတွက် စပါးစိုက်ဧက ရာနှင့်ချီ ပျက်စီး

ကျောက်ဖြူမြို့တား တာပေါင်ကျိုးပေါက်မှု ဖြစ်ပွားရာ အရေးပေါ် ပြန်လည်ဆည်ဖို့ခဲ့ရပြီး ဒီရေဝင်ရောက်သည့် အတွက် စပါးစိုက်ဧက ရာနှင့်ချီ ပျက်စီး
Published 9 September 2018

ကျောက်ဖြူမြို့တား တာပေါင်ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မြို့ကိုကာရံထားသော တာပေါင်ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည့်အတွက် အရေးပေါ် ပြန်လည်ဆည်ဖို့မှုများ ပြုလုပ်ခဲ့ရပြီး ယင်းသို့ ကျိုးပေါက်ခဲ့သည့်အတွက် မြစ်မှဒီရေများ ဝင်ရောက်ခဲ့ရာ စပါးစိုက်ဧက ရာချီပျက်စီးခဲ့ကြောင်း သိရသည်။

“မနက်ပိုင်းက ပေါက်သွားတာပေါ့။ ဒီတာပေါင်က မြို့ကိုတားထားတဲ့ တာပေါင်ဖြစ်တယ်။ ဒီရေမဝင်နိုင်အောင် တားထားတာပေါ့။ အရင်တစ်ခေါက် ပေါက်တာက အခုပေါက်တာလောက် အန္တရာယ်မများခဲ့ဘူး။ အခုပေါက်တာက စပါးစိုက်ခင်းတွေ ပျက်စီးမှုရှိတယ်။ လယ်ဧကရာချီ ရှိမယ်လို့ ခန့်မှန်းတယ်။ အခုက ရေထရက်လည်း ဖြစ်နေတော့ မြေရေဝင်သွားတဲ့အတွက် စပါးခင်းတွေ ပျက်စီးသွားတာ ဖြစ်ပါတယ်။ အရေးပေါ် ပြန်လည်ဆည်ဖို့မှုတွေ လုပ်ဆောင်လိုက်တယ်လို့ သိရတယ်” ဟု ကျောက်ဖြူဒေသခံ ဦးထွန်းကျော်က ပြောသည်။

ငလပွေ့ချောင်းညာဘက်ခြမ်း၊ ကျောက်ပြင်ရပ်ကွက် အောက်ဘက်၊ စိုင်ခြုံကူးတို့ဆိပ်မှ ကျောက်ဖြူမြို့ထိန်း တာပေါင် ဖြစ်ကြောင်းလည်း သိရပြီး တာပေါင်ကျိုးပေါက် ခဲ့သည့်အတွက် မြစ်မှဒီရေများ ဝင်ရောက်လာရာ စပါးခင်းများ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ အခြားပျက်စီးမှု မရှိသလောက် ဖြစ်ကြောင်းလည်း သိရသည်။