ဘက်ခမ်သာ အလိုရှိပါက အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ကစားရန်အသင့်ရှိကြောင်း ဂရီးဇ်မန်း ပြောကြား

ဘက်ခမ်သာ အလိုရှိပါက အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ကစားရန်အသင့်ရှိကြောင်း ဂရီးဇ်မန်း ပြောကြား
Published 9 September 2018

Photo: beIN SPORTS

အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူး ဂရီးဇ်မန်းက ဒေးဗစ်ဘက်ခမ်သာ အလိုရှိပါက ၎င်းအနေဖြင့် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ကစားရန်အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်ကွင်းလယ်လူဟောင်း ဘက်ခမ်၏ အင်တာမိုင်ယာမီအသင်းသည် မေဂျာလိဂ်ပြိုင်ပွဲ၌ ၂၀၂၀ ခုနှစ်တွင် စတင်ယှဉ်ပြိုင်မည် ဖြစ်သည်။

အင်တာမိုင်ယာမီအသင်းသည် နာမည်ကျော်ကစားသမားများကို ခေါ်ယူထားရန် ပစ်မှတ်ထားနေပြီး ဂရီးဇ်မန်းကလည်း အနာဂတ်တွင် မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားလိုကြောင်း ဝန်ခံထားသည်။

ဂရီးဇ်မန်းက "ဘက်ခမ်သာ သူ့အသင်းအတွက် ကျွန်တော့်ကိုလိုချင်တယ်ဆိုရင် ကျွန်တော် သွားမှာပါ။ ကျွန်တော့်ရဲ့ကစားသမားဘဝကို အမေရိကန်မှာ အဆုံးသတ်ချင်ပါတယ်။ အမေရိကန်ကို သွားဖြစ်မယ်ဆိုရင် မိုင်ယာမီ ဖြစ်မလား၊ လော့စ်အိန်ဂျယ်လိစ် ဖြစ်မလားတော့ ကျွန်တော် မသိသေးပါဘူး။ အဲဒီမြို့ (၂)မြို့စလုံးက ခမ်းနားပါတယ်။ ပြီးတော့ အမေရိကန်ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်ကိုလည်း ကျွန်တော် သဘောကျပါတယ်"ဟု ပြောကြားခဲ့သည်။

Photo: Getty Images

ဂရီးဇ်မန်းက အင်္ဂလန်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်မှာ ၎င်း၏ ငယ်ဘဝသူရဲကောင်းဖြစ်သည်ဟုလည်း ဝန်ခံခဲ့ဖူးသူ ဖြစ်သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းသည် လက်ရှိအချိန်တွင် အအောင်မြင်ဆုံးကာလတစ်ခုကို ပိုင်ဆိုင်ထားပြီး ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့ဖလား၊ ယူရိုပါလိဂ်နှင့် ဥရောပစူပါဖလားကို ရယူနိုင်ခဲ့သည်။

ဂရီးဇ်မန်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၁၂)ပွဲတွင် (၁၁၃)ဂိုးအထိ သွင်းယူထားသလို၊ ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း (၆၂)ပွဲတွင် (၂၄)ဂိုး သွင်းယူထားသည်။

Most Read

Most Recent