အနာဂတ်မျိုးဆက်ကျောင်းသားများအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဦးစားပေးသင်ကြားရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

အနာဂတ်မျိုးဆက်ကျောင်းသားများအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဦးစားပေးသင်ကြားရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Published 9 September 2018

SCG Sharing the Dream 2018 ပညာသင်ဆုပေးပွဲအခမ်းအနားကို တွေ့ရစဉ်

အနာဂတ် မျိုးဆက်ကျောင်းသားများအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဦးစားပေးသင်ကြားရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၈ ရက် IBC ခန်းမတွင်ပြုလုပ်သော SCG Sharing the Dream 2018 ပညာသင်ဆုပေးပွဲအခမ်းအနားတွင် ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ SCG Sharing the Dream 2018 ပညာသင်ဆုအစီအစဉ်ကို ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လူငယ်မျိုးဆက်တွေဟာ အနာဂတ်အတွက် မျှော်လင့်ချက်တွေ သူတို့ရဲ့ အိပ်မက်တွေရှိပါတယ်။ ဒီအိပ်မက်တွေ၊ မျှော်လင့်ချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ အရပ်ဘက်အဖွဲ့အစည်းတွေကသော်လည်း ကောင်း၊ ကုမ္ပဏီ၏ CSR တွေကသော်လည်းကောင်း ပညာရေးကဏ္ဍတွေမှာ ထောက်ပံ့ပေးဖို့ လိုပါတယ်။ ဒီတာဝန်တွေဟာ အစိုးရမှာလည်း အဓိကကျတဲ့ တာဝန်တစ်ရပ် ဖြစ်ပါတယ်။ ဒါဟာလည်း ကျွန်တော်တို့ နိုင်ငံ အနာဂတ်အတွက် ပြင်ဆင်မှုပဲဖြစ်ပါတယ်။ အနာဂတ်လူငယ်တွေ ပညာရေးတိုးတက်စေဖို့ ဒီနေ့ ဘာလုပ်ကြမလဲဆိုတာလည်း အရေးကြီးပါတယ်။ SCG ရဲ့ ပညာသင်စရိတ် ထောက်ပံ့မှုဟာ ကျောင်းသားကျောင်းသူတွေ အတွက် များစွာအထောက်အပံ့ဖြစ်စေပါတယ်၊၊ ပညာသင်ကြားတယ်ဆိုတာ ကိုယ်ရဲ့ ဘဝရပ်တည်နေမှုမှာ အမှားအမှန်ကို ခွဲခြား နိုင်ဖို့အတွက်၊ ဘဝကို ရှင်သန်ရပ်တည်နိုင်ဖို့ အတွက် ကြိုးစားရမှာဖြစ်ပါတယ်။ ဒီရှင်သန် ရပ်တည်မှုတွေဟာ တိုင်းပြည်အတွက်၊ ဘယ် လောက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမလဲဆိုတဲ့ မျှော်မှန်းချက်တွေနဲ့ ကြိုးစားကြဖို့ လိုပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကတစ်ဆင့် အဆင့်မြင့်ပညာရပ်တွေကို သင်ယူနိုင်အောင် ကျောင်းသားတွေဘက်က  စဉ်းစားသင့်သလို CSR တွေဘက်ကလည်း  အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဦးစားပေးသင်ကြားပေးဖို့ အားပေးသင့်ပါတယ်။ ဒါမှလည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ှSCG ဘိလပ်မြေကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်း ကျောင်းသား  ၁၅၀ အား ပညာသင်ဆု နှစ်စဉ် နှစ်တိုင်း ပေးအပ်ခဲ့ပြီး ယခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများပါ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပညာသင်ကြားရာတွင် အခက်အခဲဖြစ်နေသော ကျောင်းသားများအတွက် တစ်ဦးလျှင် ပညာသင်စရိတ် ကျပ်နှစ်သိန်းခွဲ ကို ၂၀၁၂ ခုနှစ်ကစ၍ ပေးအပ်ခဲ့ရာ ၂၀၁၈ ခုနှစ်အထိ ပညာသင်ဆုပေါင်း ၁၆၀၀ ကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ SCG ဘိလပ်မြေ ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ကျောင်းသားများ အပြင် အင်ဒိုနီရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံရှိ ကျောင်းသား ၆၀၀၀ ကျော်အား နှစ်စဉ်ပညာသင်ဆုများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

SCG ပညာသင်ဆုကို ကျောင်းသား ကျောင်းသူတိုင်း လျှောက်ထားနိုင်ပြီး လျှောက်လွာတွင်  မိသားစု၏ လက်ရှိအခြေအနေအခက်အခဲများ၊ ပညာဆက်လက်သင်ကြားရန်  စိတ်ဆန္ဒပြင်းပြကြောင်းကို စာစီစာကုံးရေးသား ပေးပို့ရမည်ဖြစ်ပြီး SCG ပညာသင်ဆု ရွေးချယ်ရေးကုမ္ပဏီက အိမ်တိုင်ရာရောက် ကွင်းဆင်းလေ့လာကာ ရွေးချယ်မည်ဖြစ်သည်။ ရွေးချယ်ခံရသော ကျောင်းသားများကို တက္ကသိုလ်ဘွဲ့ရသည်အထိ ပညာသင်ဆု ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

SCG ဘိလပ်မြေကုမ္ပဏီက ပြုလုပ်သော SCG Sharing the Dream 2018 ပညာသင်ဆုပေးပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး၊ SCG ဘိလပ်မြေကုမ္ပဏီ၏ ဒါရိုက်တာ Mr. Surachai Pornjindachote ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent